ဇမ္ဗူသီရိမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ စာဖတ်ဝိုင်းပြုလုပ်

ဇမ္ဗူသီရိ ဇူလိုင် ၂၁

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များ၊ စာပေဝါသနာရှင်များဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် (၁၀) နာရီက စာရေးဆရာမ မေချို(ပျဉ်းမနား) ရေးသားသည့် “မြန်မာကိုမြန်မာတို့သိစေချင်နှင့် အခြားဆောင်းပါးများ စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရုံးမှ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဇမ္ဗူသီရိမြို့နယ် ပြန်/ဆက်ဦးစီးမှူး ဒေါ်နီလာစိုးက စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် ဇမ္ဗူသီရိမြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင် စာရေးဆရာ များဖြစ်ကြသည့် စာရေးဆရာမ (မေချို) ပျဉ်းမနားက ကိုယ်တိုင်ဆွေးနွေးခဲ့ပြီး စာရေးဆရာ ခိုင်မင်း (နေပြည်တော်)၊ စာရေးဆရာ ဟန်ညွန့်(ယဉ်ကျေးမှု)၊ စာရေးဆရာသဘာဝ၊ စာရေးဆရာကျော်လွင် (မှော်ဝန်း)နှင့် စာပေဝါသနာရှင်များက စာရေးဆရာမ မေချို(ပျဉ်းမနား) ရေးသားသည့် “မြန်မာကိုမြန်မာတို့သိစေချင်နှင့် အခြားဆောင်းပါးများ စာအုပ်ပါအကြောင်း အရာများအား ခေါင်းစဉ်ခွဲများအလိုက် အသီးသီး ဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်။

အဆိုပါ စာဖတ်ဝိုင်းသို့ နေပြည်တော်စာပေဝိုင်းအဖွဲ့မှ စာရေးဆရာများ၊ ဇမ္ဗူသီရိမြို့နယ် (Book Club) အဖွဲ့ဝင်များနှင့် စာပေဝါသနာရှင်များ စုစုပေါင်း(၁၀)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

မြို့နယ် (ပြန်/ဆက်)