မြစ်ကြီးနားမြို့ လူထုအခြေပြုဗဟိုဌာန၌ အခြေခံစက်ချုပ်နည်းသင်တန်း ဖွင့်ပွဲကျင်းပ

မြစ်ကြီးနား ဇူလိုင် ၂၀

မြစ်ကြီးနားခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကချင်ပြည်နယ် စာကြည့်တိုက်များဖောင်ဒေးရှင်းနှင့် မြစ်ကြီးနားမြို့ အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်ကျောင်းတို့ ပူးပေါင်း၍ အခြေခံစက်ချုပ်နည်းသင်တန်း ဖွင့်ပွဲကို ယနေ့ နံနက် ၁၁ နာရီအချိန်က မြစ်ကြီးနားမြို့ လူထုအခြေပြုဗဟိုဌာန (Community centre) ဘက်စုံသုံးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ကချင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်းက ယခုသင်တန်းသည် အမျိုးသမီးများ အလုပ်အကိုင် အခွင့်အလမ်းရရှိစေရေး ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ ကိုယ့်အားကိုကိုးပြီး အိုးအိမ်မကွာ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း လုပ်ကိုင်စေနိုင်၍ မိသားစု စားဝတ်နေရေးအတွက် အထောက်အကူဖြစ်စေနိုင်ကြောင်း၊ လုပ်ငန်းတိုးချဲ့ လုပ်ကိုင်နိုင်ခြင်း၊ မိမိကိုယ်ကို ယုံကြည်မှု ရရှိစေခြင်း စသည့် ဖွံ့ဖြိုးမှုဆိုင်ရာများ တိုးတက်လာနိုင်မည်ဖြစ်ကြောင်းနှင့် သင်တန်းတက်ရောက်မည့်သူများအနေဖြင့် ကြိုးစားလေ့လာ သင်ယူကြစေလိုကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ထို့နောက် ကချင်ပြည်နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးလှဌေးက သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်နှင့် သင်တန်းစည်းကမ်းများ ရှင်းလင်းပြောကြားသည်။

အဆိုပါသင်တန်းတွင် မြစ်ကြီးနားမြို့ပေါ်ရှိ သင်တန်းသူ ၂၀ ဦးက အခြေခံလက်ချုပ်နည်း၊ အခြေခံစက်ချုပ်နည်း၊ ကလေးဝတ်ဘောင်းဘီ (အတို၊ အရှည်)၊ သင်္ဘောသားအင်္ကျီ၊ လုံချည် (စုံထောက်၊ ပတ်လည်ထောက်)၊ ဘလောက်အင်္ကျီ (ရင်စေ့၊ ရင်ဖုံး)၊ သုံးလွှာ၊ လေးလွှာချုပ်နည်းများကို ဇူလိုင်လ ၂၀ ရက်နေ့မှ သြဂုတ်လ ၁၉ ရက်နေ့အထိ စာတွေ့ လက်တွေ့ ဖွင့်လှစ်သင်ကြား ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ယော်ဆောင်(ပြန်/ဆက်)