မိုးညှင်း ဇူလိုင် ၂၀
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် လူကုန်ကူးမှု စိစစ်ဖော်ထုတ်ရေးသင်တန်း အမှတ်စဉ်(၁/၂၀၂၂) ရက်တိုသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် (၁၀)နာရီအချိန်က စုပေါင်းရုံးရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြတ်ခိုင်ကိုက မိမိတို့မြို့နယ်အတွင်း လူကုန်ကူးမှု၊ လူမှောင်ခိုမှုနှင့် သက်ငယ်မုဒိမ်းမှုများ လျော့နည်းကျဆင်းပပျောက်ရေးတို့ကို တာဝန်ရှိသူများအနေနှင့် ပူးပေါင်း၍ ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားပြီး၊ အမှတ်(၃) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စိတ်(မိုးညှင်း)မှ တပ်ဖွဲ့စိတ်မှူး ရဲအုပ်တင့်လွင်က အသစ်ပြောင်းလဲပြဌာန်းသည့် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေအသစ်များ၊ ရပ်ရွာအခြေပြု လူကုန်ကူးမှု စိစစ်ဖော်ထုတ်ရေးအဖွဲ့ ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းထာဝန်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် သင်တန်းတွင် ပို့ချမည့်ဘာသာရပ်များမှာ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေများ၊ လူကုန်ကူးမှုစိစစ်ဖော်ထုတ်သည့် ပုံစံဖြည့်သွင်းမှုနှင့် နိုင်ငံတကာနှင့် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော လူကုန်ကူးမှုအခြေအနေများ စသည့် ဘာသာရပ်များကို နည်းပြအဖြစ် အမှတ်(၃) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စိတ်(မိုးညှင်း)မှ တပ်ဖွဲ့စိတ်မှူး ရဲအုပ်တင့်လွင်၊ ရဲအုပ်ဌေးဝင်းနှင့် ဒုရဲအုပ်စန်းစန်းသီတို့က သင်တန်းသား သင်တန်းသူ (၄၈)ဦးအား ဇူလိုင် (၂၀)ရက်နေ့မှ (၂၂)ရက်နေ့အထိ (၃)ရက်တာကာလ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ဇွဲသူရအောင်(ပြန်/ဆက်)