သိန္နီ ဇူလိုင် ၂၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့တွင် ကျောင်းသား၊ ကျောင်းသူ လူငယ်မောင်မယ်များ အသိပညာဗဟုသုတတိုးပွားစေရေး၊ စာအုပ်စာစောင်များနှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရေးနှင့် စာပေဖတ်ရှုသည့် အလေ့အထကောင်းများ တိုးပွားလာစေရန် ရည်ရွယ်၍ စာအုပ်စာစောင်များ ခင်းကျင်းပြသခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က သိန္နီမြို့ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ပြုလုပ်ခဲ့သည်။
စာအုပ်စာစောင်ပြပွဲတွင် သိန္နီမြို့နယ်အတွင်းရှိ လူငယ်များ ဗဟုသုတရဖွယ်စာအုပ်များ၊ စိတ်ခွန်အားကို တိုးပွားစေသောစာအုပ်များ၊ လူငယ်များ အတုယူအားကျဖွယ် လူပုဂ္ဂိုလ်များ၏ အတ္ထုပ္ပတ္တိစာအုပ်များ၊ ဘာသာရေးစာအုပ်များ၊ ရိုးရာယဉ်ကျေးမှုကို အတုယူလိုက်နာသင့်သည့် စာအုပ်များနှင့် ရုပ်ပြကာတွန်းစာအုပ်များအပါအဝင် သုတ/ရသ(၁၀၀)အုပ်၊ မဂ္ဂဇင်း(၂၀)အုပ်၊ ရုပ်ပြ(၃၀)အုပ်နှင့် ဂျာနယ်/စာစောင်များကို ခင်းကျင်းပြသထားခြင်းဖြစ်သည်။ အဆိုပါပြပွဲသို့ သိန္နီမြို့အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူ(၅၀)ဦး လာရောက်ကြည့်ရှု လေ့လာခဲ့ကြကြောင်း သိရသည်။ ထိုသို့ စာအုပ်/စာစောင်များကို ခင်းကျင်းပြသပေးခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူလူငယ်များ စာအုပ်စာပေများနှင့် ပိုမိုရင်းနှီးကျွမ်းဝင်မှုရှိလာပြီး အားလပ်ချိန်များတွင် စာပေဖတ်ရှုခြင်းဖြင့် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။
စောဥမ္မာ(သိန္နီ)