လူထုအခြေပြုဗဟိုဌာန (Community Centre )ခန်းမကော့မှူး၌ စာဖတ်ဝိုင်းကျင်းပ

ကော့မှူး ဇူလိုင် ၂၀

ရန်ကုန်တိုင်း‌ဒေသကြီး၊ ကော့မှူးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ယနေ့နံနက်က စာပေချစ်မြတ်နိုးသူများ Book Club အဖွဲ့ဝင်များနှင့်စာဖတ်ဝိုင်းကို ကျန်းမာရေးဦးစီးဌာနမှထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ကျင်းပခဲ့ကြောင်းသိရသည်။

စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဦးစီးအရာရှိ ဒေါ်ဇာခြည်စိမ့်က စာပေချစ်မြတ်နိုးသူများအနေဖြင့် အသက်အရွယ်အလိုက် စာအုပ်စာစောင်များလေ့လာဖတ်ရှုပြီး ဗဟုသုတအတွေး အမြင်များရရှိစေရန်နှင့် စာအုပ်စာစောင်များကို လေ့လာဖတ်ရှုခြင်းကြောင့် အမှား၊ အမှန်ဝေဖန်ပိုင်းခြားနိုင်ပြီး စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ Book Club အသင်းမှ အဖွဲ့ဝင်ဒေါ်ခင်ထွေးရီက စာရေးဆရာဒေါက်တာခင်မောင်ညိုရေးသားသည့် လူငယ်နှင့်အကောင်းဆုံးဘဝကို တည်ဆောက်ခြင်းစာအုပ်ထဲမှ တာဝန်-လိပ်ပြာသန့်မှုခေါင်းစဉ် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Youth Club အသင်းမှ ဦးမြင့်အေးက အသုံးကျခြင်းနှင့်နှလုံးလှခြင်းခေါင်းစဉ်များဖြင့် ဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် Book Club အသင်းမှအဖွဲ့ဝင်ဒေါ်ခင်ထွေးရီက ဦးဆောင်ဆွေးနွေးသူအဖြစ်ဆောင်ရွက်ပြီး စာပေချစ်မြတ်နိုးသူများက စာအုပ်ပါအကြောင်းအရာများအား အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

ကျော်သူရ (ကော့မှူး)