ရန်ကုန် ဇူလိုင် ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများနှင့်ကျောင်းသား၊ ကျောင်းသူများ ခြင်မှတစ်ဆင့်ကူးစက်ရောဂါများမှ ကာကွယ်နိုင်စေရန်၊ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်စေရန်နှင့် ဆင်ခြေထောက်ရောဂါ ဖြစ်ပွားမှုမရှိစေရန်ရည်ရွယ်၍ အ.မ.က(၄၉)ကျောင်းတွင် သွေးလွန်တုပ်ကွေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
ဆောင်ရွက်ရာတွင် အင်းစိန်မြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးလမ်းတံတား၊ ပန်းဥယျာဉ်၊ ပတ်ဝန်းကျင်သန့်ရှင်းရေး၊ ရေစီးရေလာ၊ ကျန်းမာရေး၊ မီးသတ်ဦးစီးဌာန၊ ကြက်ခြေနီအသင်း၊ လူမှုအထောက်အကူပြုအဖွဲ့များမှ တာဝန်ရှိသူများ၊ ကျောင်းဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးများနှင့်တာဝန်ရှိသူများက သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး လုပ်ငန်းများဖြစ်သည့် ခြင်ဆေးဖျန်းခြင်း၊ သုံးရေများအတွင် အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်စသည့်လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
ဆက်လက်၍ အင်းစိန်မြို့နယ်အတွင်းရှိ ကျန်ရှိနေသော ရပ်ကွက်များနှင့်ကျောင်းများကိုလည်း ခြင်မှတစ်ဆင့်ကူးစက်ရောဂါများမှ ကာကွယ်နိုင်စေရန်အတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဇွဲထက်ကို (ပြန်/ဆက်)