တံတားမြို့၊ Community Centre ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာဖတ်ဝိုင်းပြုလုပ်ကျင်းပ

တံတား ဇူလိုင် ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တံတားမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် အများပြည်သူအသိပညာဗဟုသုတတိုးပွားလာစေရန် စာအုပ်စာပေများအား လေ့လာဖတ်ရှုလိုသည့် အလေ့အကျင့်ကောင်းများရရှိလာစေရန်၊ တစ်ဦးနှင့်တစ်ဦးအပြန်အလှန်ဆွေးနွေးရာမှ အသိပညာဗဟုသုတများတိုးပွားလာစေရန်၊ ပူးပေါင်းဆောင်ရွက်လိုသည့် စိတ်ဓာတ်များဖြစ်ပေါ်လာစေရန်၊ ကိုယ်ပိုင်စာဖတ်ချိန်မရှိသူများအတွက် စာဖတ်ခွင့်မဆုံးရှုံးစေရန် စာဖတ်ရှိန်မြှင့်တင်ဆောင်ရွက်ခြင်းဖြင့် စာဖတ်ခြင်း၏အကျိုးကျေးဇူးကို သိရှိနားလည်နိုင်စေရန်ရည်ရွယ်၍ စာပေဝါသနာရှင်များနှင့်စာပေချစ်မြတ်နိုးသူများအသင်း ( Book Club)အဖွဲ့ဝင်များပူးပေါင်း၍ စာရေးဆရာမောင်ခင်မင်(ဓနုဖြူ)ရေးသားသည့် အမွေခံတစ်ယောက်အမွေပေးသူတစ်ရာ စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက်(၁၀) နာရီအချိန်က ပြုလုပ်ဆောင်ရွက်ခဲ့သည်။

အဆိုပါစာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူးဒေါ်မိုးဖြူလွင်က လူငယ်တွေအတွက်လူကြီးတွေပြင်ဆင်သင့်တဲ့အရာများ ခေါင်းစဉ်ဖြင့် ဦးဆောင်ဆွေးနွေးရာတွင် လူငယ်တို့သည်ရိုးသားသည်၊ ဖြောင့်မတ်သည်၊ သတ္တိရှိသည်၊ ကိုယ်ကျိုးမငဲ့စတမ်းနိုင်ငံအကျိုးကို ဆောင်ရွက်ရန်စိတ်အားထက်သန်သည်။ ထိုသို့စိတ်ဓာတ်အခြေခံကောင်းများရှိသော လူငယ်များနိုင်ငံတော်အတွက် အကျိုးပြုစွမ်းဆောင်နိုင်သော ပညာတတ်များဖြစ်ပေါ်လာရေးကို လူကြီးများကပြင်ဆင်ပေးကြရန်လိုအပ်ကြောင်း လူငယ်များကို မိမိထက်တော်သောလူငယ်များဖြစ်ပေါ်လာအောင် စိတ်ရင်းမှန်မှန်၊ သဘောထားပြည့်ပြည့်ဖြင့်လမ်းပြပေးရန်၊ လူငယ်များ၏တိုးတက်မှုကို မုဒိတာစိတ်ဖြင့်ရှုမြင်ရန်နှင့် လူငယ်များ၏သတ္တိရှိမှု၊ ထက်မြတ်မှု၊ သွက်လက်မှုတို့ကို အသိအမှတ်ပြုရန်လိုအပ်ကြောင်း ဆွေးနွေးပြောကြားပြီးနောက် (Book Club)အဖွဲ့ဝင်ဦးမျိုးညွတ်မှ ကိုဘီအေမှမြကျွန်းညိုညိုအထိ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ( Book Club)အဖွဲ့ဝင်ဒေါ်စန္ဒာမြင့်မှ အမိတက္ကသိုလ်ကပေးသောလက်ဆောင် ခေါင်းစဉ်ဖြင့်လည်းကောင်း ဆက်လက်ဆွေးနွေးခဲ့ကြရာ တက်ရောက်လာကြသော စာပေဝါသနာရှင်များမှ အပြန်အလှန်ဆွေးနွေးကာ အတွေးအမြင်ဗဟုသုတများ ဖလှယ်ခဲ့ကြကြောင်းသိရသည်။

မိုးဖြူလွင် (တံတား)