တိုက်ကြီး ဇူလိုင် ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာပေချစ်မြတ်နိုးသူများအသင်း Book Club နှင့်ပူးပေါင်း၍ ဒေါက်တာခင်မောင်ညိုရေးသားထားသော “လူငယ်နှင့်အကောင်းဆုံးသောဘဝကို တည်ဆောက်ခြင်း” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက်ပိုင်းက ကျင်းပသည်။
စာဖတ်ဝိုင်းတွင် ဒုတိယဦးစီးမှူးဒေါ်ခင်နှင်းသက်က မျိုးဆက်သစ်လူငယ်လူရွယ်များ အတွေးအမြင်၊ အယူအဆများမှန်ကန်စေရန်၊ ဉာဏ်ရည်ဉာဏ်သွေးမြင့်မားစေရန်နှင့် အနာဂတ်ဖွံ့ဖြိုးတိုးတက်စေရန်၊ စာပေဖတ်ရှုသည့်အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် ဖတ်ရှုထားသည့် စာပေအသိများအား ပြန်လည်မျှဝေပေးနိုင်ရန်ရည်ရွယ်၍ စာဖတ်ဝိုင်းများ ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး “လူငယ်နှင့် အကောင်းဆုံးသောဘဝကို တည်ဆောက်ခြင်း” စာအုပ်မှ လူငယ်များအတွက် ခွန်အားဖြည့်ဆောင်းပါးများထဲက ရှားလော့ဟုမ်းလည်းမှားတာပဲ၊ မှားမှာကိုမကြောက်ပါနဲ့ခေါင်းစဉ်ဖြင့် ဖတ်ကြားဆွေးနွေးသည်။ ဆက်လက်ပြီး တက်ရောက်လာသည့် စာပေချစ်မြတ်နိုးသူများ အသင်း Book Club အဖွဲ့ဝင်များက လူငယ်နှင့်အောင်မြင်ခြင်း၊ စူးစမ်းစိတ်၊ သဘာဝဘေးအန္တရာယ်၊ တာဝန်သိမှု၊ အလှအပ၊ လူမှုရေးအတွေးများနှင့် ဒဿနတို့ကိုဖတ်ကြား၍ အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
အဆိုပါစာဖတ်ဝိုင်းကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ် - ၁၉ ရောဂါကြိုတင်ကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး လူငယ်များစာပေဖတ်ရှုသည့် အလေ့အထများဖြစ်ထွန်းစေရန်၊ ပြန်လည်မျှဝေပေးသည့် အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် အသိပညာဗဟုသုတတိုးပွားစေရေးအတွက် စာဖတ်ပရိတ်သတ်များ၊ စာပေချစ်မြတ်နိုးသူများအသင်းနှင့် စာဖတ်ဝိုင်းများကို လစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခင်နှင်းသက် (ပြန်/ဆက်)