မိုင်းဆတ်မြို့၌ တရားရုံးမှဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးဆိုင်ရာနှင့်စပ်လျဉ်း၍ မိတ်ဆက်ရှင်းလင်းခြင်း အခမ်းအနားကျင်းပ

မိုင်းဆတ် ဇူလိုင် ၂၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ တရားရုံးမှဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးဆိုင်ရာနှင့် စပ်လျဉ်း၍ မိတ်ဆက်ရှင်းလင်းခြင်း အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီခွဲက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်က အမှုတစ်ခုဖြစ်ပေါ်က တရားရုံးကဦးဆောင်၍ စေ့စပ်ဖြေရှင်းဆောင်ရွက်ရေး၊ အမှုသည်များအနေဖြင့် မိမိနစ်နာမှုများကို အယူခံတင်ခွင့်ရရှိစေရေး၊ မြို့ပေါ်၊ ရပ်ကွက်နှင့် ကျေးရွာများတွင် တရားဥပဒေစိုးမိုးရေးနှင့်စပ်လျဉ်း၍ အမှာစကားပြောကြားသည်။

ဆက်လက်၍ ခရိုင်တရားသူကြီး ဦးသက်ထွန်းက နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးသည် တရားဥပဒေစိုးမိုးမှုလိုအပ်ကြောင်း၊ တရားစီရင်ရေးအပေါ် ပြည်သူလူထုများ ယုံကြည်မှုနှင့် လေးစားမှုရှိရန်လိုအပ်ကြောင်း၊ တရားရုံးသို့လာရောက်ရသည့် အကြိမ်အရေအတွက် လျော့နည်းစေရန် ဆောင်ရွက်ပေးခြင်း၊ အမှုမကြားနာမီအမှု အမျိုးအစားသတ်မှတ်ခြင်းနှင့် ကြားနာစစ်ဆေးစီရင်မည့် ကာလကြာချိန် သတ်မှတ်ခြင်းတို့ကိုလည်းကောင်း၊ မြို့နယ်တရားသူကြီး ဦးကျော်ဇောလင်းက တရားရုံးမှစေ့စပ်ဖြေရှင်းခြင်းအချက်(၆)ချက်နှင့် တရားရုံးတွင် တရားမမှုစွဲဆိုပြီးနောက် နှစ်ဖက်အမှုသည်များ အကြားအငြင်းပွားမှုကို စေ့စပ်ဖြေရှင်းရေးအရာရှိ၏ အကူအညီရယူ၍ ညှိနှိုင်းဖြေရှင်းခြင်းတို့ကို ရှင်းလင်းပြောကြားသည်။

ထို့နောက် အခမ်းအနားတက်ရောက်လာသူတို့က မှုခင်းစီမံခန့်ခွဲမှုနှင့် စေ့စပ်ဖြေရှင်းခြင်းဆိုင်ရာများကို မေးမြန်းဆွေးနွေးကြရာ ခရိုင်တရားသူကြီးက မေးမြန်းချက်များကို ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။

မြင့်မောင်(ပြန်/ဆက်)