သီပေါမြို့နယ်တွင် မသန်စွမ်းသူများပြုစုစောင့်ရှောက်ရေး အသိပညာပေးဆွေးနွေးပွဲ Talk Show ပြုလုပ်

သီပေါ ဇူလိုင် ၂၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ မသန်စွမ်းသူများပြုစုစောင့်ရှောက်ရေး အသိပညာပေးဆွေးနွေးပွဲ Talk Show ကို ယနေ့နံနက် ၉ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်နီလာစိုးက အသိပညာပေးဆွေးနွေးပွဲ(Talk Show)ပြုလုပ်ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီးနောက် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းသွယ်က  မသန်စွမ်းသူများပြုစုစောင့်ရှောက်ရေးအတွက် ရန်ကုန်နှင့် မန္တလေးမြို့ကြီးများတွင် သက်ကြီး၊ သက်ငယ် မသန်စွမ်းသူ သင်တန်းကျောင်းများဖွင့်လှစ်၍ ပညာရေးနှင့်အတတ်ပညာများကို နေစရိတ်၊ စားစရိတ် အခမဲ့သင်ကြားပေးလျက်ရှိပါကြောင်း၊ ကိုယ်အင်္ဂါမသန်စွမ်းခြင်း၊ အမြင်အာရုံမသန်စွမ်းခြင်း၊ အကြားအာရုံမသန်စွမ်းခြင်းများစသည့် မသန်စွမ်းအမျိုးအစားအလိုက် ဝန်ကြီးဌာနမှ ချမှတ်ထားသောလုပ်ငန်းကြီး(၇)ရပ်နှင့် အညီပြုစုစောင့်ရှောက်ပေးလျက်ရှိပါကြောင်း၊ ဘယ်လိုပင်မသန်စွမ်းသူများ ဖြစ်စေ ယခုကဲ့သို့ ပြုစုစောင့်ရှောက်ခြင်းအားဖြင့် အဆိုပါမသန်စွမ်းသူများ၏ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဆောင်ရာတွင် အထောက်အကူများစွာ ရရှိစေမှာဖြစ်ပါကြောင်း စသည်ဖြင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။

သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများ အသိပညာဗဟုသုတရရှိစေရန် သက်ဆိုင်ရာကဏ္ဍများအလိုက် အသိပညာပေးဆွေးနွေးပွဲ(Talk Show)များကိုဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များနှင့်ပူးပေါင်း၍ လစဉ်ပြုလုပ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် အဆိုပါ အသိပညာပေး ဆွေးနွေးပွဲ(Talk Show)များကို သီပေါမြို့နယ်ရုံးမှ ဖွင့်လှစ်ထားသော Facebook Page တွင် လွှင့်တင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခင်လေး(သီပေါ၊ပြန်/ဆက်)