နောင်တရား ဇူလိုင် ၂၀
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့ အနီးပတ်ဝန်းကျင်ကျေးရွာများတွင် ဥယျာဉ်ခြံအဖြစ် စိုက်ပျိုးသည့် သစ်တော်သီးများ အထွက်နှုန်းလျှော့နည်းလာကြောင်း သစ်တော်သီးဥယျာဉ်ခြံစိုက် တောင်သူ တစ်ဦးထံမှ သိရသည်။
“ယခင်နှစ်ကဆို သစ်တော်သီးတွေ အထွက်များတယ် မိုးလည်းကောင်းတယ် ဆီးနှင်းအနည်းငယ်ကျတော့ အပွင့်ပိုပွင့်ပြီး မိုးများတော့ အသီးပိုတင်ပါတယ် ဈေးလည်းကောင်း တော့ အဆင်ပြေပါတယ်၊ ယခုနှစ်မှာ ဆီးနှင့်မကျသလောက်ဘဲ မိုးလည်းအရမ်းနည်းတယ် အသီးမတင်ဘူး သစ်တော်သီးက အလုံးငယ်ငယ်နဲ့ ရင့်မှဲ့နေပြီး မကြီးနိုင်တော့ဘူး ဈေးကတော့ အသေးကို ၃၀၀ကျပ်၊ အလတ်ကို ၈၀၀ကျပ်နဲ့ ရှယ်သီးကို ၁၃၀၀ကျပ်နဲ့ရောင်းရတယ် အလုပ်သမားခ၊ ကားခ၊ ခြင်းခတွေတော့ ယခင်နှစ်တွေထက် ဈေးပိုလာပါတယ်” ဟု ဗောင်းကျောင်းနားရွာမှ သစ်တော်သီးဥယျာဉ်ခြံစိုက် တောင်သူတစ်ဦးက ပြောသည်။
သစ်တော်သီးများကို ရှေ့ဘိုးဘွားလက်ထက်မှ ဥယျာဉ်ခြံအဖြစ်စိုက်ပျိုးကြပြီး ယခုအခါ ရာသီဥတုပြောင်းလဲလာမှုကြောင်း ထောပတ်ဥယျာဉ်အဖြစ် ဈေးကွက်ပေါ်မူတည်၍ ရွေးခြယ် စိုက်ပျိုးလာသည်။ သစ်တော်သီးများကို အောင်ပန်းကုန်စည်ဒိုင်နှင့် ရန်ကုန်သို့တင်ပို့ ရောင်းချကြသည်။ သစ်တော်သီးများကို ဇူလိုင်လမှ အောက်တိုဘာလအထိ ရာသီဥတုနှင့် ဒေသအပေါ်မူတည်၍ ထွက်ရှိလျက်ရှိပြီး ယခုနှစ်တွင် သစ်တော်သီး အသီးတင်နှုန်းမှာ ယခင်နှစ်ထက် များစွာလျော့နည်းလျက်ရှိကြောင်း သိရသည်။
ခွန်အောင်(နောင်တရား)