တံတားဦးမြို့နယ်( Community Centre )ခန်းမ၌ ဆံပင်အလှပြင်နည်းသင်တန်း(အခမဲ့)ကျင်းပ

တံတားဦး ဇူလိုင် ၂၀

ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်းပြီး မြို့နယ်ပြည်သူ့စာကြည့်တိုက် (Community Centre)ခန်းမ၌  ဆံပင်အလှပြင်နည်းသင်တန်း(အခမဲ့)ကို ယနေ့နံနက်(၁၀)နာရီအချိန်က ကျင်းပခဲ့ကြောင်းသိရသည်။

သင်တန်းဖွင့်ပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်သီတာခိုင်က သင်တန်းဖွင်လှစ်ရခြင်း၏ ရည်ရွယ်ချက်များပြောကြားပြီး မိတ်ကပ်နှင့်ဆံပင်အလှဖန်တီးရှင် ကိုထွန်းက၊ ဆံပင်အလှပြင်နည်းသည် လွယ်ကူပါကြောင်းနှင့် တစ်ဦးတည်းဖြင့်ဆောင်ရွက်နိုင်ပါကြောင်း၊ ဆံပင်အလှများသည်  အမြင်တင့်တယ်ပြီး လူတိုင်း၏ရင်ကို အေးမြစေပါကြောင်း၊ ဆံပင် အလှပြင်ခြင်းသည် လူတိုင်းကြိုက်နှစ်သက်၍ ပန်းအမျိုးမျိုးဖြင့် အလှဆင်ပြုပြင်နိုင်ပါကြောင်း၊ ဆံပင်အလှပြင်ခြင်းဖြင် အလှူ၊ မင်္ဂလာပွဲနှင့် အစရှိသည့်နေရာများ၌ အလှဆင်ထားသည်ကိုတွေ့ရှိရသည့်အပြင် ငွေကြေးကုန်ကျမှု သက်သာပါကြောင်း ပြောကြားသည်။

အဆိုပါသင်တန်းကို မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအမျိုးသမီးဝန်ထမ်းများ မြို့ပေါ်ရပ်ကွက်များမှ အမျိုးသမီးများ တက်ရောက်ကြပြီး ဆံပင်အလှပြင်နည်းကို လက်တွေ့သင်ကြားပေးသည်။ ဆံပင်အလှပြင်နည်းတွင် နောက်တွဲဆံထုံးအလှပြင်နည်း၊ ဘီးဆံထုံးအလှပြင်နည်း၊ ဆံမိတ်ချအလှပြင်နည်း၊ ဖန်ဆီဆံထုံးအလှပြင်နည်း အမျိုးမျိုးရှိကြောင်း မိတ်ကပ်နှင့်ဆံပင်အလှဖန်တီးရှင်ကို ထွန်းထံမှသိရသည်။

ဦးရဲတင့်