ကျောက်ဆည် ဇူလိုင် ၂၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ဆန်စပါးအပြင် အခြားသီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ ၂၀၂၂-၂၀၂၃ ခုနှစ် မိုးရာသီတွင် နနွင်း (၉၆၉)ဧက လျာထားစိုက်ပျိုးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌနမှ သိရသည်။
နနွင်းသီးနှံစိုက်ပျိုးမည်ဆိုပါက မြေကိုစိတ်ကြိုက်ပြုပြင်ပြီး အကျယ်(၃)ပေ၊ အမြင့်(၁)ပေခွဲခန့် မြေဘောင်များ ပြုလုပ်ကာ စိုက်ပျိုးရကြောင်း၊ စိုက်ပျိုးရာတွင် နနွင်းခေါင်းမျိုး စိုက်ပျိုးခြင်းနှင့် နနွင်းအတက်မျိုး စိုက်ပျိုးခြင်းဟူ၍ (၂)မျိုးရှိရာ နနွင်းခေါင်းမျိုး စိုက်ပျိုးပါက တစ်ဧက ကုန်ချိန် (၅၀၀)ပိဿာခန့် စိုက်ပျိုးရပြီး၊ နနွင်းအတက်မျိုး စိုက်ပျိုးပါက ကုန်ချိန်(၆၀၀)ပိဿာခန့် စိုက်ပျိုးရကြောင်း စိုက်ပျိုးရာတွင် တစ်ပင်နှင့်တစ်ပင်၊ တစ်တန်းနှင့်တစ်တန်း(၅)လက်မအကွာ စိုက်ပျိုးရကြောင်း၊ နနွင်းသည် မြေထဲတွင် အတက်ပွားသည့် သီးနှံဖြစ်သောကြောင့် မြေအစိုဓာတ် ရရှိစေရန် ရေသွင်းပေးရကြောင်း၊ စိုက်ပျိုးပြီး(၄)လခန့်တွင် နနွင်းအပွင့်များ စတင်ပွင့်ပြီး ဈေးကွက်တွင် ရောင်းချပါကနနွင်းတစ်ဧကတွင် ငွေကျပ် (၅)သောင်းခန့်ရကြောင်း၊ (၈)လကျော်တွင် နနွင်းများတူးဖော်ရကြောင်း၊ တူးဖော်ရာ၌ တစ်ဧကနနွင်းတက် အစို(၃၇၀၀)ပိဿာမှ (၄၀၀၀)ပိဿာ ထွက်ရှိကြောင်း၊ ပြုတ်ပြီးအခြောက်လှန်းပါက ကုန်ချိန်(၈၀၀)ပိဿာမှ (၁၀၀၀)ပိဿာခန့် ရရှိကြေင်း နနွင်းစိုက်တောင်သူများထံမှ သိရသည်။
ကျောက်ဆည်မြို့နယ်အနေဖြင့် နနွင်းသီးနှံများကို ပွတ္တိုင်၊ ညောင်ဝန်း၊ ကြောင်ပန်းကုန်း ကျေးရွာများတွင် (၉)ဧက၊ သင်္ဂတုံ၊ အရှေ့သာဂရ၊ ကလေး၊ မှိုင်းပန်၊ ပြည်တော်သာ၊ ရှမ်းတောင်ဦး၊ ကုလားကျောင်း ကျေးရွာများတွင်(၂၁၀)ဧက၊ ဟံမြင့်မိုရ်၊ လယ်ကြီး၊ ပုန်းညက်ကျေး၊ ကျားကာ၊ သံရွာ၊ ခါးတက်ကုန်း၊ ဆူးလေကုန်း၊ ပေါက်ပင်ကွေ့၊ မြေစိုမိုး၊ ပဲခင်း၊ ပေါင်လောင်ကျေးရွာများတွင် (၇၅၀)ဧက လျာထားစိုက်ပျိုးလျက်ရှိကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
သက်မောင်(ကျောက်ဆည်)