ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်၌ (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် အထူးပြပွဲ ပြသထားရာ လာရောက်ကြည့်ရှုလေ့လာသူများပြား

တာမွေ ဇူလိုင် ၂၀

 ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ(၁၉)ရက်နေ့တွင် ကျရောက်ခဲ့သည့် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ဗိုလ်ချို(၁)ရပ်ကွက် ဗိုလ်ချုပ်ပြတိုက်လမ်း (ယခင်တာဝါလိန်းလမ်း)ရှိ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်)၌ ယခင်နှစ်များအတိုင်း အများပြည်သူ အခမဲ့ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ရေးအတွက် ယမန်နေ့နံနက် ၈ နာရီမှ ညနေ ၄ နာရီအထိ အထူးပြပွဲ ခင်းကျင်းပြသထားရာ ကျောင်းသား/သူများ နှင့်ဆရာ/ဆရာမများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ အသင်းအဖွဲ့များ၊ ရဟန်းရှင်လူပြည်သူများ စိတ်ပါဝင်စားစွာ တစ်ခဲနက် လာရောက် ကြည့်ရှုလေ့လာခဲ့ကြပြီး အမျိုးသားပြတိုက်(ရန်ကုန်)မှ တာဝန်ရှိသူများက အသေးစိတ် လိုက်လံ ရှင်းပြခဲ့ကြကြောင်း သိရသည်။

ထိုကဲ့သို့ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်)၌ (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အဖြစ် အထူးပြပွဲ ခင်းကျင်းပြသထားရာတွင် အဆိုပါပြတိုက်အတွင်းရှိ ဗိုလ်ချုပ်အောင်ဆန်း၏ သမိုင်းမှတ်တမ်းဓာတ်ပုံများ၊ ပြည်တွင်းပြည်ပ ခရီးစဉ်မှတ်တမ်းဓာတ်ပုံများ၊ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံပါ စာပို့တံဆိပ်ခေါင်းများ၊ ငွေစက္ကူများ၊ ငွေအကြွေစေ့များ၊ ဗိုလ်ချုပ်အောင်ဆန်း ပုံစံတူရုပ်တု၊ ဘုရားခန်း၊ ထမင်းစားခန်း၊ စာကြည့်ခန်း၊ အိပ်ခန်း၊ ဧည့်ခန်းနှင့် ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင်စိုက်ပျိုးနေသည့်ရုပ်ထုပုံနှင့် သီးပင်စားပင်စိုက်ခင်းများ၊ ဗိုလ်ချုပ်၏သားလတ်ဖြစ်သူ အောင်ဆန်းလင်း ရေနစ်သေဆုံးခဲ့သော ရေကန်အပါအဝင် ဗိုလ်ချုပ်အောင်ဆန်း သက်ရှိထင်ရှား ရှိစဉ်က အသုံးပြုခဲ့သော မော်တော်ယာဉ်၊ အသုံးအဆောင်ပစ္စည်းများနှင့် ၁၉၄၅ ခုနှစ် မေလ မှ ၁၉၄၇ ခုနှစ် ဇူလိုင်လ ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရသည်အထိ နေထိုင်သွားလာခဲ့သော ပုံရိပ်မှတ်တမ်းတို့ကို ဗီဒီယိုပြကွက်များဖြင့် ဗဟုသုတရဖွယ်စုံလင်စွာ ခင်းကျင်းပြသထားပြီး အပတ်စဉ် တနင်္လာနေ့နှင့် ပြန်တမ်းဝင် ရုံးပိတ်ရက်များမှအပ ကျန်ရက်များတွင်လည်း ပုံမှန်အတိုင်း နေ့စဉ်န့နက်(၉)နာရီမှ ညနေ(၅)နာရီအထိ မည်သူမဆို ဝင်ရောက်ကြည့်ရှုလေ့လာ နိုင်ကြောင်း သိရသည်။

အဆိုပါ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်)မှာ အမှတ်(၂၅)၊ ဗိုလ်ချုပ်ပြတိုက်လမ်း (ယခင်တာဝါလိန်းလမ်း)၊ ဗိုလ်ချို(၁)ရပ်ကွက်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးတွင်တည်ရှိပြီး ဘဲဥပုံသဏ္ဌာန် မြေကွက်ဖြစ်၍ ခြံဝင်းအကျယ်မှာ ၂ ဒဿမ ၄၂၃ ဧကရှိသည်။ ၁၉၂၁ ခုနှစ်တွင် အနောက်တိုင်းဗိသုကာဟန် ရောနှောတည်ဆောက်ထားသော ၂၀ ရာစု ဥရောပပုံစံဖြစ်သည်။ နေအိမ်အဆောက်အဦမှာ ခြံဝင်းအတွင်းရှိသော ၁၈ ပေမြင့်သည့် ကုန်းပေါ်တွင် တောင်ဘက်သို့ မျက်နှာစာပြုကာ တည်ဆောက်ထားခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်အောင်ဆန်းပြတိုက်၏ နောက်ခံ သမိုင်းအကျဉ်း၌ ဖော်ပြချက်များအရ သိရသည်။

“(၇၅)နှစ်မြောက် အာဇာနည်နေ့မှာတော့ ဒီဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်)ရဲ့ အဝင်ဝမှာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ မိုဘိုင်း LED အသိပညာပေး မော်တော်ယာဉ်ဖြင့် ဗိုလ်ချုပ်အောင်ဆန်းကျဆုံးတဲ့ အခမ်းအနားတွေ၊ ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းပြောတဲ့ အချက်တွေကို ရိုက်ကူးပြသထားပါတယ်။ ဗိုလ်ချုပ် အောင်ဆန်းပြတိုက်ကို တက်တဲ့တက်လမ်းမှာ ဆိုရင်လည်း ဗိုလ်ချုပ်အောင်ဆန်း အသုံးပြုခဲ့တဲ့ပစ္စည်းတွေကို တပ်မတော်စစ်သမိုင်း ပြတိုက်ကနေယူပြီး ပြဘုတ်များနဲ့ ပြသထားပါတယ်။ ပြန်ထွက်တဲ့ အပေါက်ဘက်မှာလည်း ဗိုလ်ချုပ်အောင်ဆန်းရဲ့ ငယ်စဉ်ဘဝဖြစ်စဉ်တွေကို ပြသထားပါတယ်။ ပြတိုက်ရဲ့ အပေါ်ထပ်မှာ ဆိုရင်လည်း ဗိုလ်ချုပ်တို့ ဇနီးမောင်နှံ အိပ်ခန်းမှာ ဒီဂျစ်တယ်နည်းပညာကိုအသုံးပြုပြီး Digital Museum နဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ရှားပါးဓာတ်ပုံတွေကို ပြသထားပါတယ်။ နောက်ပြီး ပြတိုက်ကို လာရောက်လေ့လာတဲ့ ပြည်သူတွေတစ်နေရာထဲမှာ အချက်အလက်တွေကို ပြည့်ပြည့်စုံစုံ သိရှိနိုင်စေရေးအတွက် ဗိုလ်ချုပ်၏မိန့်ခွန်းပေါင်းချုပ် စာမျက်နှာ (၆၂၀)ကျော်ရှိတဲ့ မိန့်ခွန်းတွေကို (၃၂)လက်မ Touch Screen နဲ့ ခင်းကျင်းပြသထားပါတယ် ” ဟု အမျိုးသားပြတိုက်(ရန်ကုန်)မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သီသီသောင်းက ဆိုသည်။

ဗိုလ်ချုပ်အောင်ဆန်းကွယ်လွန်ပြီးနောက် ကျန်ရစ်သူမိသားစုဆက်လက်နေထိုင်ခဲပြီး ၁၉၅၃ ခုနှစ်တွင် နေအိမ်ခြံဝင်းအတွင်း အရှေ့တောင်ဘက်ရှိ ရေကန်၌ ဗိုလ်ချုပ်အောင်ဆန်း၏ သားလတ်ဖြစ်သူ အောင်ဆန်းလင်း ရေနစ်သေဆုံးပြီးနောက် အဆိုပါနေအိမ်တွင် မည်သူမျှ ဆက်လက်နေထိုင်ခြင်းမရှိတော့ဘဲ ၁၉၅၅-၁၉၅၆ ခုနှစ်တွင် ယဉ်ကျေးမှုဗိမာနဦးစီးဌာန၏ ပထမဆုံးသော ညွှန်ကြားရေးဝန် ဦးသာမြတ်၊ အမျိုးသားပြတိုက် ပြတိုက်မှူးကြီး ဒေါ်ညွန့်ဟန်နှင့် အကြံပေးအရာရှိ Dr.Niharan Rays တို့မှ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်နေအိမ်(ရန်ကုန်)အား အများပြည်သူ ဝင်ရောက်ကြည့်ရှုလေ့လာနိုင်စေရေးအတွက် ပြတိုက်အဖြစ် ဖွင့်လှစ်ရန် စီစဉ်ဆောင်ရွက်ခဲ့ကြောင်း၊ ၁၉၅၇ ခုနှစ် စက်တင်ဘာလ(၉)ရက်နေ့တွင် နိုင်ငံတော်အစိုးရမှ ဗိုလ်ချုပ်အောင်ဆန်း၏ဇနီး ဒေါ်ခင်ကြည်ထံမှ ပြတိုက်ပစ္စည်းများအဖြစ် ပြသထားရှိရန် ပရိဘောဂ ပစ္စည်း ၅၃ မျိုးနှင့် အခြားပစ္စည်းများကို စုဆောင်းနိုင်ခဲ့ပြီး ၁၉၅၇ ခုနှစ်တွင် အောင်ဆန်းမြို့ ပြန်လည်ထူထောင်ရေးတပ်မှ ဗိုလ်ချုပ်အောင်ဆန်းနေအိမ်အား မွမ်းမံပြင်ဆင်ခဲ့ကာ ၁၉၆၀ ပြည့်နှစ် ဇန်နဝါရီလ (၁)ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းပြတိုက် (ရန်ကုန်)ကို စတင်ဖွင့်လှစ်ပြသခဲ့ကြောင်း၊ တော်လှန်ရေးကောင်စီ အစိုးရလက်ထက်တွင် ပြတိုက်အဆောက်အဦနှင့် နေအိမ်တစ်ခုလုံးကို ပြန်လည်ပြုပြင် မွမ်းမံခဲ့ကာ ၁၉၆၂ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့မှ ၂၅ ရက်နေ့အထိ (၁၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားနှင့်အတူ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်ကို နေ့စဉ်နံနက်(၈)နာရီမှ ညနေ(၅)နာရီအထိ အခမဲ့ ဖွင့်လှစ်ပြသခဲ့ကြောင်း သိရသည်။

“ဒီဗိုလ်ချုပ်အောင်ဆန်းပြတိုက်မှာ ဗိုလ်ချုပ်သက်ရှိထင်ရှားရှိစဉ်က အသုံးပြုခဲ့တဲ့ အသုံးအဆောင်တွေသာမကဘဲ ဗိုလ်ချုပ်ရဲ့လေးစားအတုယူဖွယ်ကောင်းတဲ့ အရည်အချင်းတွေကို သိရှိလေ့လာခွင့်ရတဲ့အတွက် ဗဟုသုတများစွာရရှိပါတယ်။ ဗိုလ်ချုပ်ပြတိုက်ကို မရောက်ဖူးတဲ့ လူတွေကိုလည်းလာစေချင်ပါတယ်”ဟု ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်)ကို မင်္ဂလာဒုံမြို့နယ်မှ လာရောက်လေ့လာသူကို ပြည့်ဖြိုးဦးက ဆိုသည်။

၁၉၉၉ ခုနှစ် နိုဝင်ဘာ (၇)ရက်နေ့မှ စတင်၍ ပြတိုက်ကို အကြီးစားပြင်ဆင်ထိန်းသိမ်းခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်း ပြတိုက် အဆောက်အဦမှာ မူလက သံကူကွန်ကရစ်မဟုတ်ဘဲ သစ်သားထည် အုတ်ရိုးစီ အဆောက်အဦသာဖြစ်၍ အကြီးစားပြင်ဆင်သည့်အခါ မူလလက်ရာမပျက်စေဘဲ လိုအပ်သောနေရာတွင် အဆောက်အဦ ကြံ့ခိုင်စေရေးအတွက် သံကူကွန်ကရစ်များဖြင့် မွမ်းမံ ထိန်းသိမ်းခဲ့ကာ ၂၀၀၀ ပြည့်နှစ် ဇူလိုင်လ(၁၉)ရက် အာဇာနည်နေ့အထိမ်းအမှတ် အခမ်းအနားနှင့် အတူ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်ကို ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း၊ ယခုနှစ်၌ အဆိုပါ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်)အား ၂၀၂၂ ခုနှစ် ဇူလိုင်လ(၁၉)ရက်နေ့ (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်း အမှတ်အဖြစ် နံနက်(၈)နာရီမှ ညနေ(၄)နာရီအထိ အထူးပြပွဲ ခင်းကျင်းပြသထားလျက်ရှိပြီး  အဆိုပါပြပွဲသို့ ကျောင်းသား/ သူများနှင့်ဆရာ/ဆရာမများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ အသင်းအဖွဲ့များ၊ ရဟန်းရှင်လူပြည်သူများ စိတ်ပါဝင်စားစွာ အခမဲ့ ဝင်ရောက်ကြည့်ရှု လေ့လာခဲ့ကြကြောင်း သတင်းရရှိပါသည်။

နိုင်လင်းအောင်