မိုးနဲ စက်တင်ဘာ ၁၀
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ကျေးရွာဖွံ့ဖြိုးရေးရန်ပုံငွေ ( VDB ) ဖြင့် ဆောင်ရွက်သည့် နောင်လိုင် ကျေးရွာ အုပ်စု မလန်းကျေးရွာ နှင့်နောင်နိမ်း ကျေးရွာအုပ်စု ဝမ်ကတ်ကျေးရွာတို့တွင် ကျေးရွာတွင်းကွန်ကရစ် လမ်းခင်း ခြင်း လုပ်ငန်းဆောင်ရွက် ပြီးစီးမှုအခြေအနေကို ယနေ့နံနက် ၉ နာရီကလင်းခေးခရိုင် နှင့်မြို့နယ် ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက သွားရောက်စစ်ဆေးကြောင်း သိရသည်။
ကျေးရွာစီမံကိန်းခွင့် ပြုရန်ပုံငွေကျပ် သိန်း ၁၀၀ စီဖြင့် နောင်လိုင်ကျေးရွာအုပ်စု မလန်းကျေးရွာတွင် ကွန်ကရစ် လမ်း အလျားပေ ၉၀၀ ၊အကျယ် ၁၂ ပေ ၊ထု ၆ လက်မ ဆောင်ရွက်ပြီးစီးမှု နှင့် နောင်နိမ်း ကျေးရွာ အုပ်စု ဝမ်ကတ် ကျေးရွာတွင် ကွန်ကရစ်လမ်း အလျား ပေ ၁၀၀၀ ၊အကျယ် ၁၀ ပေ၊ထု ၆ လက်မ လုပ်ငန်း ဆောင်ရွက် ပြီးစီးနေမှုကို လင်းခေးခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီး အရာရှိ (နည်းပညာ) ဒေါ်ပန်းဖူးခိုင်နှင့်အဖွဲ့ဝင်များ ၊မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှူး ဒေါ်အိအိမွန်နှင့် တာဝန် ရှိသူများကကွင်းဆင်းစစ်ဆေးခဲ့ ခြင်းဖြစ်ကြောင်းသိရသည်။
အဆိုပါ ကျေးရွာတွင်းကွန်ကရစ်လမ်းပြီးစီးသွားပါက ၎င်းကျေးရွာများရှိ ပြည်သူများလမ်းပန်း ဆက်သွယ် ရေး အတွက်ရာသီမရွေး အဆင်ပြေစွာ သွားလာနိုင် မည်ဖြစ်သည့်အပြင် ဒေသခံပြည်သူ များ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး နှင့်စီးပွားရေးကိစ္စရပ်များပါ အဆင်ပြေ လာတော့မည်ဖြစ် ကြောင်း သိရသည်။
မျိုးညွန့်ရွှေ (မိုးနဲ)