ပုဏ္ဏားကျွန်း ဇူလိုင် ၂၀
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ရွှေရောင်မေတ္တာ ဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ အခြေခံပညာကျောင်းများနှင့် ဘုန်းတော်ကြီးကျောင်း၌ မိုးရာသီ ဖြစ်ပွားတတ်သည့် ရောဂါများအား ကြိုတင်ကာကွယ်ရေးအတွက် ခြင်ဆေးပက်ဖျန်းခြင်းကို ယမန်နေ့က ပုဏ္ဏားကျွန်းမြို့နယ် ပန်းနီလာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)နှင့် ယိုးငူကျေးရွာ ဘုန်တော်ကြီးကျောင်းသို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဝန်ထမ်းများနှင့် ရွှေရောင်မေတ္တာ ဖောင်ဒေးရှင်း (ပုဏ္ဏားကျွန်း) လူမှုကူညီရေးအသင်းမှ လူငယ်များ ပူးပေါင်း၍ မိုးရာသီတွင် ဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေးရောဂါနှင့် ငှက်ဖျားရောဂါများ မဖြစ်ပွားစေရေး၊ ကျောင်းသား/သူများ ရောဂါဘယ ကင်းဝေးစွာဖြင့် ပညာသင်ကြားနိုင်ရေးအတွက် စာသင်ကျောင်းများတွင် ခြင်များခိုအောင်းနိုင်သည့် နေရာများနှင့် ယိုးငူဘုန်းတော်ကြီးကျောင်း၌ ခြင်ဆေးဖျန်းပေးခြင်း၊ ချုံနွယ်ပိတ်ပေါင်းများအား ရှင်းလင်းခြင်း၊ ခြင်ပေါက်ပွားနိုင်သည့် အမှိုက်သရိုက်၊ ဗူးခွံ၊ တာယာဟောင်းများနှင့် စွန့်ပစ်ပစ္စည်းများအား ဖယ်ရှား ရှင်းလင်းခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြသည်။
ထိုနောက် ပန်းနီလာကျေးရွာတွင် သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရေးအတွက် ကျေးရွာအတွင်း ခြင်ဆေးဖျန်းပေးခြင်း၊ အသိပညာပေးခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်း၊ အဘိတ်ဆေးခတ်ပေးခြင်းတို့ကို လိုက်လံဆောင်ရွက်ပေးခဲ့ကြောင်း ရွှေရောင်မေတ္တာ ဖောင်ဒေးရှင်း အသင်းဥက္က ဦးမျိုးမြတ်သာဂီထံမှ သိရသည်။
နီထွန်းအောင်(ပြန်/ဆက်)