ကျော်လေးဆူသမိုင်းဝင် ရွှေယင်မျှော်စေတီတော်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူရန်နှင့် သာသနာ့ဗိမာန်တော်ကြီး တည်ဆောက်ရန် အလှူငွေကျပ်သိန်း ၁၅၀ လှူဒါန်းပေးအပ်ပွဲပြုလုပ်

သာစည် ဇူလိုင် ၁၉

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် ရွာကြီးကျေးရွာအနီးရှိ ကျော်လေးဆူသမိုင်းဝင် ရွှေယင်မျှော်စေတီတော်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူရန်နှင့် သာသနာ့ဗိမာန်တော်ကြီး တည်ဆောက်ရန် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ထည့်ဝင်လှူဒါန်းသော အလှူငွေကျပ်သိန်း ၁၅၀ လှူဒါန်းပေးအပ်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက စေတီတော်ကြီးရှိ မနောမယဗိမာန်တော်ကြီး၌ ပြုလုပ်ကြောင်းသိရသည်။

ရှေးဦးစွာ အခမ်းအနားကို နမောတသ သုံးကြိမ်ရွတ်ဆိုဖွင့်လှစ်ပြီး နိုင်ငံတော်ဩဝါဒါစရိယ သာစည်မြို့ဓမ္မာလင်္ကာရ ရေအားလျှပ်စစ်ကျောင်းတိုက်ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တကဝိန္ဒာစာရက  ဩဝါဒကထာ မိန့်ကြားသည်။

ဆက်လက်ပြီး နိုင်ငံတော်ဩဝါဒစရိယအမှူးပြုသော ဆရာတော်သံဃာတော်များအား အမှတ် ၉၉ ခြေလျင်တပ်မဌာနချုပ် တပ်မမှူး ဗိုလ်မှူးကြီးကျော်ထွန်းအောင်၊ မိတ္ထီလာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဇော်ဦး၊ သာစည်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်နှင့်အဖွဲ့ဝင် ဗိုလ်မှူးတေဇာမြင့်၊ ခရိုင်အဆင့်ဌာနဆိုင်ရာများက ဝါဆိုသင်္ကန်း ကပ်လှူကြသည်။ ထို့နောက် တပ်မမှူးက အလှူငွေလှူဒါန်းခြင်းနှင့် ပတ်သက်၍ အမှာစကားပြောကြားပြီး တပ်မမှူးနှင့် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မိတ္ထီလာခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးမင်းထွန်းတို့က အလှူငွေများ ပေးအပ်လှူဒါန်းရာ ရွှေယင်မျှော်စေတီတော်ကြီး၏ ဂေါပကအဖွဲ့မှ ဂုဏ်ပြုလွှာ ပြန်လည်ပေးအပ်သည်။ ၎င်းနောက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို တပ်မမှူး၊ ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များက သက်ဆိုင်ရာဌာနများနှင့်ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

အဆိုပါ အလှူငွေလှူဒါန်းပေးအပ်ပွဲသို့ တပ်မမှူး၊ ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ ခရိုင်နှင့်မြို့နယ်ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။        

မြို့နယ်ပြန်/ဆက်