လဲချားတွင် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီအစည်းအဝေးကျင်းပ

လဲချား စက်တင်ဘာ ၁၀

ရှမ်းပြည်နယ်တောက်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီ အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးစိုင်းလှထွန်းမှ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် နည်းဥပဒေများနှင့်အညီ ဆောင်ရွက်နိုင်ရေး၊ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ကျင်းပနိုင်ရေး၊ မဲဆွယ် စည်းရုံးရေး ကာလအတွင်း နိုင်ငံရေးပါတီများမှ လိုက်နာရမည့် စည်းကမ်းချက်များ၊ မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီ၏ လုပ်ငန်းတာဝန်များ၊ ကော်မတီဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ အစည်းအဝေးသို့ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများနှင့် နိုင်ငံရေးပါတီအသီးသီးမှ ကိုယ်စား လှယ်များ တက်ရောက်ခဲ့ကြပြီး နိုင်ငံရေးပါတီအသီးသီးမှ ကိုယ်စားလှယ်များ၏ သိရှိလိုသော မေးမြန်းချက်များကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဒေါ်ဇင်နွယ်ဌေး မှ ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြောင်း သိရသည်။

လွှမ်းသူနောင် (ပြန်/ဆက်)