(၇၅)နှစ်မြောက် အာဇာနည်နေ့တွင် နိုင်ငံတော်အတွက် အသက်ပေးလှူသွားကြသည့် အာဇာနည် ခေါင်းဆောင်ကြီးများအား ရည်စူးကုသိုလ်ပြု အမျှပေးဝေခြင်းအခမ်းအနားကျင်းပ

နေပြည်တော် ဇူလိုင် ၁၉

(၇၅)နှစ်မြောက် အာဇာနည်နေ့တွင် နိုင်ငံတော်အတွက် အသက်ပေးလှူသွားကြသည့် အာဇာနည် ခေါင်းဆောင်ကြီးများအား ရည်စူးကုသိုလ်ပြု အမျှပေးဝေခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင်  နေပြည်တော်ကောင်စီရုံး ဇမ္ဗူသီရိခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် နေပြည်တော် လယ်ဝေးမြို့နယ်၊ ပေါက်မြိုင်ကျောင်း တိုက် ပဓာနနာယကဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု၊ ဘဒ္ဒန္တဇနိန္ဒ မဟာထေရ်မြတ်ကြီး အမှူးပြုသော ဆရာတော်၊ သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်၊ နေပြည်တော်တိုင်းစစ် ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်း၊ ဒုတိယဝန်ကြီးများနှင့် နေပြည်တော်ကောင်စီ အဖွဲ့ဝင်များ တက်ရောက်ကြည်ညိုကြသည်။

ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း ကခန်းမအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဖူးမြော်ကြည်ညိုပြီး  ဆွမ်း၊  သစ်သီး၊  ပန်း၊  ရေချမ်းနှင့်  ဆီမီးတို့ကို ဆက်ကပ်လှူဒါန်းသည်။

အခမ်းအနားတွင်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း အမှူးပြုသည့် ဧည့်ပရိသတ်များက နေပြည်တော် လယ်ဝေး မြို့နယ်၊ ပေါက်မြိုင်ကျောင်းတိုက် ပဓာနနာယကဆရာတော် အဘိဓဇမဟာ ရဋ္ဌဂုရု၊ ဘဒ္ဒန္တဇနိန္ဒ မဟာထေရ်မြတ်ကြီးထံမှ  ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်ကြီးများ ရွတ်ပွားသရဇ္စျာယ်တော် မူသည့် ပရိတ်တရားတော်များကို နာယူကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းက နေပြည်တော် လယ်ဝေးမြို့နယ်၊ ပေါက်မြိုင် ကျောင်းတိုက် ပဓာနနာယကဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု၊ ဘဒ္ဒန္တဇနိန္ဒ မဟာထေရ်မြတ်ကြီးထံ လှူဖွယ် ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က တပ်ကုန်းမြို့နယ် မဟာသီဟနာဒ ပရိယတ္တိစာသင်တိုက် ဆရာတော်ထံလည်းကောင်း၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်းက ပုဗ္ဗသီရိမြို့နယ် အောင်စည်သာပရိယတ္တိစာသင်တိုက် ဆရာတော်ထံလည်းကောင်း လှူဖွယ်ဝတ္ထု ပစ္စည်းများကို အသီးသီးဆက်ကပ်လှူဒါန်းကြသည်။

ယင်းနောက် ဒုတိယဝန်ကြီးများနှင့် နေပြည်တော်ကောင်စီ အဖွဲ့ဝင်များက ဆရာတော် သံဃာတော်များထံ လှူဖွယ်ဝတ္ထုပစ္စည်းများကို အသီးသီးဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် ဧည့်ပရိသတ်များက နေပြည်တော် ပျဉ်းမနား မြို့နယ် မင်္ဂလာဇေယျုံပါဠိ တက္ကသိုလ်စာသင်တိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝိမလဗုဒ္ဓိ မဟာထေရ်မြတ်ကြီးထံမှ သံဝေဂကထာတရားနာယူကြပြီး အာဇာနည်ခေါင်းဆောင် ကြီးများအား ရည်စူးကာ ရေစက်သွန်းချအမျှပေးဝေကြသည်။

ယင်းနောက်  နံနက် ၁၀  နာရီ  ၃၇  မိနစ်တွင် တက်ရောက်လာကြသည့် ဧည့်ပရိသတ်များက နိုင်ငံတော်အတွက် အသက်ပေးလှူသွားကြသည့် အာဇာနည်ခေါင်းဆောင်ကြီးများအား ရည်စူး၍ ၂ မိနစ်ငြိမ်သက် ဂါရဝပြုကြ သည်။

အခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်နိုင်၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်းနှင့် တာဝန်ရှိသူများက ဆရာတော်သံဃာတော် များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ခရိုင်ပြန်/ဆက်)