စဉ့်ကူး၊ စက်တင်ဘာ၁၀
၂၀၂၀-ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်နေ့၌ ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ အငြင်းပွားမှု ပြဿနာတစ်စုံတစ်ရာ ပေါ်ပေါက်ပါက အချိန်တိုအတွင်း ညှိနှိုင်းဖြေရှင်းနိုင်ရေးအတွက် မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်း ရေးကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်စည်ပင်သာယာခန်းမ၌ ကျင်းပခဲ့ရာ မြို့နယ်ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌအဖွဲ့ဝင်များ၊ မြို့နယ်မှ ဩဇာတိက္ကမရှိသူများ၊ မြို့မိမြို့ဖများ၊ နိုင်ငံရေးပါတီ များမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
အဆိုပါ အခမ်းအနား၌ စေ့စပ်ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဦးအောင်စိုးကဌာနဆိုင်ရာများ၊ ပါတီများမှ ကိုယ်စားလှယ်များ၊ အများယုံကြည်လေးစားခံရသော ဩဇာတိက္ကမရှိသူများ၊ မြို့မိမြို့ဖများ ပါဝင်သည့် ကော်မတီဝင်(၂၇)ဦးဖြင့် ဖွဲ့စည်းထားရှိပြီး ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးကို ရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်ရေးပြောကြားခဲ့ရာ ကော်မတီဝင် ဦးလှမြင့်မှ ကျင့်ဝတ်နှင့် လုပ်ငန်း တာဝန်များ၊ နိုင်ငံရေးပါတီများမှ လိုက်နာမည့် စည်းကမ်းချက်များအား ရှင်းလင်းပြောကြားပြီး နောက် ကော်မတီအတွင်းရေးမှူး ဦးသက်ဆွေဦးက ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ ရှင်းလင်းပြီး မဲဆွယ်စည်းရုံးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လုပ်ငန်းများနှင့်အညီ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသော ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီဝင်များ၊ နိုင်ငံရေး ပါတီကိုယ်စားလှယ်များကသိလိုသည့် မေးမြန်းချက်များကို မြို့နယ်ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌက ပြန်လည် ရှင်းလင်းဖြေကြားကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရှိရသည်။
တင်တင်နု( စဉ့်ကူး )