ပင်းတယ ဇူလိုင် ၁၉
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့ပေါ်ရှိ ဘုန်းတော်ကြီး ကျောင်းများမှ ဆရာတော်သံဃာတော် (၃၄၄) ပါးအား အရုဏ်ဆွမ်း လောင်းလှူခြင်းကို ယနေ့ ဝါဆိုလပြည့်ကျော် ၇ ရက်နေ့ (ဝါတွင်းကာလအဖိတ်နေ့) နံနက်အာရုဏ်တက်ချိန်၊ မြို့လည် ဓမ္မာရုံကြီးရှေ့၌ မြို့နယ်ဝါတွင်းကာလသံဃာ့ဒါန ဆွမ်းလောင်းအသင်း အဖွဲ့ဥက္ကဋ္ဌနှင့် အသင်းအဖွဲ့ဝင်များက လှူဒါန်းကုသိုလ်ပြုခဲ့ကြသည်။
ယနေ့၌ မြို့ပေါ်ကျောင်းတိုက်ရှိ သံဃာတော်မြတ်များအား ဝါတွင်းကာလ အရုဏ်ဆွမ်း လောင်းလှူနိုင်ရန် အတွက် အလှူရှင် ရွာငယ်ကျောင်းသစ်ကျောင်းမှ မြို့နယ်သံဃာ့နာယက ဆရာတော် အရှင်စန္ဒောဘာသနှင့် တောင်ကြီးမြို့နေ ဦးနိုင်ဝင်းမိသားစုတို့၏ လှူဒါန်းပေးမှုဖြင့် မြို့နယ်ဝါတွင်းကာလ သံဃာ့ဒါနဆွမ်းလောင်း အသင်းအဖွဲ့ဥက္ကဋ္ဌနှင့် အသင်းအဖွဲ့ဝင်များက အရုဏ်ဆွမ်းတော်များ ချက်ပြုတ်ခြင်းနှင့် အရုဏ်ဆွမ်းဟင်းတော် များအား စုပေါင်း လောင်းလှူခဲ့ကြပြီး ရွာသစ်ရပ်ကွက်နှင့် နီးစပ်ရာ ရပ်ကွက်များမှ အလှူရှင် အချို့မှလည်း အရုဏ်ဆွမ်းများ အချိန်မီ ချက်ပြုတ်၍ စုရပ်သို့ လာရောက်ကာ အရုဏ်ဆွမ်းတော် ဆက်ကပ်လောင်းလှူခဲ့ ကြသည်။ ယနေ့ အဖိတ်နေ့၊ ဆွမ်းလောင်းလှူပွဲတွင် ပင်းတယမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်း (၁၈) ကျောင်းမှ ဆရာတော်သံဃာအပါး (၃၄၄) ပါး အားဆွမ်းလောင်းလှူခဲ့ခြင်း ဖြစ်ကြောင်း သိရ သည်။
အေးအေးလတ်(ခရိုင်ပြန်/ဆက်)