ကျိုင်းတုံတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ အာစရိယ ပူဇော်ပွဲ ကျင်းပ

ကျိုင်းတုံ ဇူလိုင် ၁၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ပထမအကြိမ် ကျိုင်းတုံတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ အာစရိယပူဇော်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက အဆိုပါကျောင်းရှိ ဒမ္မိလပ်အားကစားရုံတွင် ကျင်းပသည်။

ရှေးဦးစွာ ကျိုင်းတုံတက္ကသိုလ်မှ ဆရာကြီး၊ ဆရာမကြီးတို့အား ဘာသာရပ်ပေါင်းစုံမှ  ကျောင်းသား၊ ကျောင်းသူများက ရိုသေစွာ လက်အုပ်ချီ ကန်တော့ကြပြီး ဂါရဝပြု လက်ဆောင်ပစ္စည်းများ ပေးအပ်ကာ မြတ်ဆရာသီချင်းဖြင့် သီဆိုကန်တော့ကြသည်။ ထို့နောက် ကျိုင်းတုံတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာစမ်းစမ်းမာနှင့် ဒုတိယပါမောက္ခချုပ် ဒေါက်တာ မြမြခင်တို့က ဆုံးမဩဝါဒစကား ပြောကြားခဲ့ကြသည်။

ထို့နောက် ကျိုင်းတုံတက္ကသိုလ် ဘာသာရပ်ပေါင်းစုံမှ ပထမနှစ်၊ ပထမနှစ်ဝက်နှင့် ဒုတိယနှစ်ဝက် ကျောင်းသား၊ ကျောင်းသူများအား King & Queen ရွေးချယ်ပွဲကျင်းပရာ အနိုင်ရရှိသော ကျောင်းသား/သူ နှစ်ဦးအား ‌ကျိုင်းတုံတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာစမ်းစမ်းမာက ဂုဏ်ပြုစလွယ်နှင့် ပန်းစည်းများ ပေးအပ်ချီးမြှင်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများက မြကျွန်းညိုညိုသီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြကြောင်း သိရသည်။

အောင်ဇင်မြင့် (ပြန်/ဆက်)