ရန်ကုန် ဇူလိုင် ၁၉
နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးဝဏ္ဏမောင်လွင်သည် ယမန်နေ့ မွန်းလွဲပိုင်းတွင် နိုင်ငံခြားရေးဝန်ကြီးဌာန (ရန်ကုန်)ရှိ ဝန်ဇင်းမင်းရာဇာခန်းမ၌ ကျင်းပသည့် မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ (၂၀၂၂-၂၀၂၆ ခုနှစ်) တွင် ပါဝင်တာဝန်ထမ်း ဆောင်ကြမည့် ပုဂ္ဂိုလ်များကို ဂုဏ်ပြုကြိုဆိုသည့် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် အမှာစကား ပြောကြားသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက ယနေ့ခေတ် နိုင်ငံတကာဆက်ဆံရေးနှင့် သံခင်းတမန်ခင်းတွင် သံတမန်နည်းလမ်းသွယ်-၂ သည် ယခင်ကထက် ပိုမိုအရေးပါကာ အသိပညာရှင်အဖွဲ့များ၏ ကွန်ယက်နှင့် အခန်းကဏ္ဍသည် များစွာကျယ်ပြန့်နက်ရှိုင်းနေပြီဖြစ်ပါကြောင်း၊ သို့ဖြစ်ရာ လက်ရှိနိုင်ငံတကာဆက်ဆံရေး စိန်ခေါ်မှုများတွင် မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့အနေဖြင့် မဟာဗျူဟာကျသည့် အခန်းကဏ္ဍတွင် တည်ရှိနေပါကြောင်း၊ မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့အနေဖြင့် ပြည်တွင်းပြည်ပရှိ အသိပညာရှင်များ၊ အဖွဲ့အစည်းများနှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ပြီး အတွေးအခေါ်နှင့် အသိပညာဗဟုသုတများဖလှယ်ခြင်းဖြင့် နိုင်ငံတော်နှင့်ပြည်သူတို့အတွက် အကျိုးရှိမည့် မူဝါဒရေးရာအဆိုပြုချက်များ၊ အကြံပြုချက်များ ဖော်ထုတ်ပေးရန်လိုအပ်ပါကြောင်းနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် အရာထမ်း/အမှုထမ်းများအတွက် အဆင့်အမျိုးမျိုးသော သင်တန်းများတွင် ပညာရပ်နှင့် ဘာသာရပ်ဆိုင်ရာတို့တွင် ပံ့ပိုးကူညီပေးသွားရန် မေတ္တာရပ်ခံ လိုပါကြောင်း ပြောကြားသည်။
ဆက်လက်၍ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့အနေဖြင့် နိုင်ငံခြားရေး၊ နိုင်ငံတကာဆက်ဆံရေး၊ ကာကွယ်ရေး၊ လုံခြုံရေး၊ ဥပဒေရေးရာ၊ စီးပွားရေးစသည့် ဘာသာရပ်နယ်ပယ်အသီးသီးတွင် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထိုးဖောက်သွားနိုင်ရန် ဆက်လက်ကြိုးပမ်းကြရန် တိုက်တွန်းပြောကြားသည်။
မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့(၂၀၂၂-၂၀၂၆)ကို အတွေ့အကြုံ၊ ဗဟုသုတများကြွယ်ဝသည့် ဒုတိယဝန်ကြီးများ၊ အငြိမ်းစားသံအမတ်ကြီး၊ နိုင်ငံခြားရေး၊ နိုင်ငံတကာဆက်ဆံရေး၊ ကာကွယ်ရေး၊ လုံခြုံရေး၊ ဥပဒေရေးရာ၊ စီးပွားရေးစသည့် ဘာသာရပ်များအလိုက် ပညာရှင်များ၊ ကျွမ်းကျင်သူများသည် နယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။ အဖွဲ့၏ ရည်ရွယ်ချက်မှာ လက်ရှိဒေသတွင်းနှင့်
နိုင်ငံတကာ ရေးရာကိစ္စရပ်များကို လေ့လာသုံးသပ်၍ သုတေသနပြုကာ အတွေးအခေါ်သစ်များနှင့် မူဝါဒရေးရာ အကြံပြုချက်များ ဖော်ဆောင်နိုင်ရန်နှင့် သံတမန်နည်းလမ်းသွယ်-၂ကို ထိရောက်စွာ အသုံးပြု၍ နှစ်ဘက်အကျိုးတူ စိတ်ပါဝင်စားသည့် ကိစ္စရပ်များနှင့် စိုးရိမ်မကင်းဖြစ်ရသည့် ကိစ္စရပ်များတွင် ပြည်တွင်းပြည်ပရှိ အသိပညာရှင်အဖွဲ့များနှင့် ရင်းနှီးနွေးထွေးစွာ ပူးပေါင်းဆောင်ရွက်ရန် ဖြစ်သည်။
မြန်မာနိုင်ငံမဟာဗျူဟာနှင့်နိုင်ငံတကာလေ့လာရေးအဖွဲ့ကိုယခင်ကမြန်မာနိုင်ငံမဟာဗျူဟာနှင့်နိုင်ငံတကာလေ့လာရေးဌာနအမည်ဖြင့် ၁၉၉၂ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး၂၀၁၃ခုနှစ်တွင် လက်ရှိအမည်ဖြင့် ပြန်လည်ဖွဲ့စည်းတည်ထောင်ကာ (၄)နှစ်သက်တမ်းရှိသည့် ဘုတ်အဖွဲ့များဖြင့် စဉ်ဆက်မပြတ်ဖွဲ့စည်းထားရှိသည့် နိုင်ငံခြားရေးဝန်ကြီးဌာနအောက်တွင် ဖွဲ့စည်းထားရှိသည့် အသိပညာရှင် အဖွဲ့အစည်းတစ်ခုဖြစ်သည်။ အခမ်းအနားသို့ မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့(၂၀၂၂-၂၀၂၆ခုနှစ်)တွင်ပါဝင်တာဝန် ထမ်းဆောင်ကြမည့် ဝါရင့်အကြံပေးအဖွဲ့နှင့် အမှုဆောင်အဖွဲ့တို့မှဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)