မိုင်းရယ်၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေး

မိုင်းရယ် ဇူလိုင် ၁၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနက ပန်းခင်း စီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားကို ယနေ့ နံနက် ၁၀ နာရီက မိုင်းရယ်မြို့၊ အမှတ်(၂၂) ခြေလျင်တပ်ရင်းတွင် ပြုလုပ်ပေးသည်။

အဆိုပါ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပေးရာတွင် မိုင်းရယ်မြို့ အမှတ်(၂၂) ခြေလျင်တပ်ရင်းအတွင်းရှိ တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား ပြုလုပ်ပေးလျက်ရှိရာ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ဦးစီးအရာရှိ ဦးစိုးနိုင်နှင့် ဝန်ထမ်းများ ဆောင်ရွက်ပေးနေမှုများအား အမှတ်(၃) လှုပ်ရှားစစ်ဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး စိုးမင်းထွေး ဦးဆောင်၍ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းအောင်နှင့် အဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့သည်။

မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနအနေဖြင့် မိုင်းရယ်မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများနှင့် အခြေခံပညာကျောင်းများတွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများကို ကွင်းဆင်းဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။

မိုင်းရယ် (ပြန်/ဆက်)