ဟိုပုံး ဇူလိုင် ၁၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ရှမ်းပြည်နယ်အတွင်း ကျောင်းပြင်ပရောက်ရှိနေသော အသက် ၁၆ နှစ်မှ အသက် ၁၈ နှစ်ကြားလူငယ်များအား မိသားစုများအတွက် သင့်တော်ကောင်းမွန်သော အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန် ရည်ရွယ်ချက်၍ အထည်ပန်းပုံရိုက်နှင့် ဆေးရေးပန်းချီသင်တန်းဆင်းပွဲကို ယနေ့နံနက် ၁၀ နာရီ အချိန်က နောင်တောင်းပရဟိတ တပ်ဦးဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
သင်တန်းဆင်းပွဲတွင် ရှမ်းပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီ၏ အတွင်းရေးမှူး၊ ပြည်နယ်အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ခင်မာအေးက သင်တန်းဆင်းအဖွင့်အမှာစကား ပြောကြားပြီးနောက် ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းမော်က အသက်မွေးဝမ်းကျောင်းသင်တန်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် သင်တန်းတွင် ထူးချွန်သည့် သင်တန်းသူ(၃)ဦးတို့အား အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးအေးသောင်းနှင့် ရက်ကန်းသင်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ဖြူဖြူမြင့်တို့က ဆုရရှိသော သင်တန်းသူများကို ဆုများ အသီးသီးချီးမြှင့်ခဲ့ကြသည်။ ဆက်လက်၍ ရှမ်းပြည်နယ် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ခင်မာအေးနှင့် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်မော်တို့က သင်တန်းသူ(၂၀)တို့အား သင်တန်းဆင်းလက်မှတ်များကို အသီးသီးပေးအပ်ခဲ့ကြသည်။ ယင်းနောက် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်အေးမြင့်က သင်တန်းသူ(၂၀)ဦးအတွက် အသက်မွေးဝမ်းကျောင်း အထောက်အကူ ပြုပစ္စည်းများပေးအပ်ခဲ့ပြီး သင်တန်းသူတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့ကြောင်း သိရသည်။ အဆိုပါသင်တန်းကို ဇူလိုင်လ ၄ ရက်မှ ဇူလိုင်လ ၁၈ ရက်နေ့အထိ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ဘဏ္ဍာငွေထောက်ပံ့မှုဖြင့် ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)