ကြည့်မြင်တိုင်မြို့နယ်၌ ယာဉ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်

ကြည့်မြင်တိုင် ဇူလိုင် ၁၈

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်၊ အမှတ် (၃) အခြေခံပညာ အထက်တန်းကျောင်းတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟော‌ပြောပွဲကို ယနေ့ နံနက်(၁၁:၃၀)နာရီအချိန်က ဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။

အဆိုပါ ဟောပြောပွဲကို အမှတ် (၄၀)ယာဉ်ထိန်းရဲတပ်ဖွဲ့ရုံးမှ ရဲအုပ်သိန်းထွဋ်က ပြောကြားရာတွင် ကျောင်းသား၊ ​ကျောင်းသူများအနေဖြင့် ယာဉ်အန္တရာယ်မှ ကာကွယ်နိုင်ရန်၊ လမ်းလျှောက်သူများ လိုက်နာရန်စည်းကမ်းချက်များကို သိရှိ‌စေရန်ရည်ရွယ်၍ ၂၀၂၀ ပြည့်နှစ် ယာဉ်အန္တရာယ်ကင်းရှင်းရေး မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေ၊ လမ်းလျှောက်သူများလိုက်နာရန် စည်းကမ်းချက်များဖြစ်သည့် သက်ဆိုင်သည့်လမ်းညွှန်၊ လမ်းအမှတ်အသားများ အတိုင်းလိုက်နာရန်၊ ကြီးကြပ်ထိန်းသိမ်းသည့် ယာဉ်ထိန်းရဲရှိလျှင် ၎င်း၏ညွှန်ပြချက် အတိုင်းလိုက်နာရန်၊ လူသွားစင်္ကြန် (သို့မဟုတ်) သတ်မှတ်ထားသည့်လမ်းရှိ လျှင်ထိုနေရာများ ပေါ်မှသွားရန်၊ လူသွားစင်္ကြန် မရှိလျှင်တတ်နိုင်သမျှလမ်း၏ ဝဲဘက်နံဘေးမှကပ်၍ ယာဉ်‌ကြောကိုမျက်နှာမူပြီးလျှောက်ရန်၊ ဘတ်စ်ကားစီးလိုလျှင် သတ်မှတ်ထားသော နေရာမှစီးရမည် ဆင်းရမည်ဖြစ်ကြောင်း၊ လမ်းမပိတ်ဆို့ရ၊ ရင်ဘောင်တန်းမလျှောက်ရ၊ မျဉ်းကျား၊ လူကူးတံတား၊ မြေအောက်လမ်း (သို့မဟုတ်) သတ်မှတ်ခွင့်ပြုထားသော နေရာများမှသာ လမ်းဖြတ်ကူးရန်၊ သတ်မှတ်ထားသည့်နေရာများမှ ဖြတ်ကူးလျှင် လက်ယာဘက် ခြမ်းမှဖြတ်ကူးရန်၊ အုပ်ထိန်းသူ မပါဘဲအသက် (၆) နှစ်အောက် ကလေးများအား လမ်းပေါ်သွားလာခြင်း မရှိစေရန်စသည့်ရှောင်ရန်အချက်များကို  ကျောင်းသား၊ ကျောင်းသူများအား ပရိုဂျက်တာဖြင့်ရှင်းလင်းပြသ၍ အသိပညာပေးဟော‌ပြောခဲ့သည်။

အဆိုပါ ဟော‌‌ပြောပွဲသို့ ဆရာဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူစုစုပေါင်း (၁၅၀) ဦးတက်ရောက်ခဲ့ပြီး အခြေခံပညာကျောင်းများသို့လည်း ဆက်လက်၍ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအန္တရာယ် အသိပညာဟောပြောပွဲများကိုလည်း ဆောင်ရွက်သွားမည်ဖြစ်‌ကြောင်း သိရသည်။

ဝင့်ဝါနိုင် (ပြန်/ဆက်)