မြင်းခြံမြို့တွင် တိရစ္ဆာန်ကျန်းမာရေးလုပ်သားသင်တန်းဆင်းပွဲပြုလုပ်

မြင်းခြံ ဇူလိုင် ၁၈

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြင်းခြံခရိုင်အတွင်းရှိ မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီး၊ ငါန်းဇွန်မြို့များတွင် တိရစ္ဆာန်ကျန်းမာရေးလုပ်သားများ ပေါ်ထွန်းစေရေးအတွက် တိရစ္ဆာန်ကျန်းမာရေးလုပ်သား သင်တန်းဆင်းပွဲကို ယနေ့နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန်က မြင်းခြံမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံးတွင် ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲထွန်းဝင်းက Video Conferencing မှတစ်ဆင့် အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါက်တာမိုးကျော်နိုင်၊ မြင်းခြံမြို့နယ် ဦးစီးမှူး ဒေါက်‌တာအောင်ခိုင်ထွေး၊ နွားထိုးကြီးမြို့နယ်ဦးစီးမှူး ဒေါက်တာခင်ပြည့်ပြည့်ဖြိုးတို့မှ တိရစ္ဆာန်ကျန်းမာရေးလုပ်သားသင်တန်းသို့ တက်ရောက်ကြသော သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြသည်။

“မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနသည် တိရစ္ဆာန်ကျန်းမာရေးလုပ်သားများ၏ လုပ်အားကို အသုံးချ၍ ရောဂါကာကွယ်ထိန်းချုပ်ခြင်း လုပ်ငန်းများတွင် မွေး/ကုဦးစီးဌာန၏ အခန်းကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ မြန်မာနိုင်ငံဆေးပညာကောင်စီ၊ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်၊ မြန်မာနိုင်ငံ တိရစ္ဆာန်ဆေးကုဆရာဝန်များအသင်းနှင့် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ပညာရှင်များပါဝင်သော တိရစ္ဆာန်ကျန်းမာရေးလုပ်သားဆိုင်ရာ ဦးဆောင်မဏ္ဍိုင်ကို ဖွဲ့စည်း၍ အဆိုပါအဖွဲ့၏ လမ်းညွှန်မှုချက်ဖြင့် တိရစ္ဆာန်ကျန်းမာရေးလုပ်သားဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ၊ သင်ရိုးညွှန်းတမ်း၊ သင်တန်းပို့ချမှုဆိုင်ရာ သတ်မှတ်ချက်များ၊ အသိအမှတ်ပြုလက်မှတ်ထုတ်ပေးခြင်း စသည်တို့ကို ချမှတ်အတည်ပြုခဲ့ပြီး တိရစ္ဆာန်ကျန်းမာရေးလုပ်သားဆိုင်ရာ နည်းပြဆရာဖြစ်သင်တန်း၊ ဆရာဖြစ်သင်တန်းများဖွင့်လှစ်ခြင်းနှင့် မြန်မာနိုင်ငံ ခွာနာလျှာနာရောဂါကာကွယ် ထိန်းချုပ်ရေးစီမံကိန်း (OIE-LBVD Myanmar FMD Control Project) အား ဆောင်ရွက်ခြင်းဖြစ်ကြောင်း” မြင်းခြံမြို့နယ်ဦးစီးမှူး ဒေါက်တာအောင်ခိုင်ထွေးက ပြောသည်။

အဆိုပါသင်တန်းသို့ မြင်းခြံမြို့နယ်မှ သင်တန်းသား(၈)ဦး၊ တောင်သာမြို့နယ်မှ သင်တန်းသား (၅)ဦး၊ နွားထိုးကြီးမြို့နယ်မှ သင်တန်းသား (၁၀) ဦး၊ ငါန်းဇွန်မြို့နယ်မှ သင်တန်းသား (၁၅)ဦး စုစုပေါင်းသင်တန်းသား(၃၈)ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ (၅)လကြာမြင့်ခဲ့ကြောင်း သိရသည်။

ကျော်စွာ(မြင်းခြံ)