တောင်ဥက္ကလာပမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

တောင်ဥက္ကလာပ ဇူလိုင် ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ ပြည်သူများတွင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုကင်းဝေးစေရေးအတွက် ယနေ့နံနက်ပိုင်းက အမှတ်(၁၃) ရပ်ကွက်နှင့် အမှတ်(၁၄)ရပ်ကွက်တို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအား အရှိန်အဟုန်မြှင့်ဆောင်ရွက်ပေးခဲ့ကြသည်။

သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရပ်ကွက်နေ အိမ်များအတွင်း ခြင်များခိုအောင်းနိုင်ခြင်းမရှိစေရေး၊ ခြင်များပေါက်ပွားနိုင်သည့် ရေတင် ကျန်နိုင်သော ဘူး၊ ခွက်၊ တာယာဟောင်းများနှင့် စွန့်ပစ်ပစ္စည်းများအား ဖယ်ရှားရှင်းလင်းရန် စသည်ဖြင့် အသိပညာပေးခြင်း၊ ရေစည်၊ ရေအိုးများနှင့် ရေသိုလှောင်ကန်များအတွင်း ခြင်များ ပေါက်ပွားမှုကင်းဝေစေရေးအတွက် အဘိတ်ဆေးများ လိုက်လံခတ်ပေးခြင်း၊ ခြင်များ ခိုအောင်းနိုင်ခြင်းမရှိစေရေးအတွက် ခြင်ဆေးများမှုတ်ပေးခြင်းစသည်ဖြင့် သွေးလွန် တုပ်ကွေးရောဂါ အပါအဝင် ခြင်မှတစ်ဆင့် ကူးစက်ရောဂါများဖြစ်ပွားခြင်းမှကင်းဝေးပြီး ကျန်းမာပျော်ရွှင်စွာ‌ နေထိုင်နိုင်ရေးအတွက် အထူးအလေးထားဆောင်ရွက်ကြောင်း သတင်းရရှိသည်။

ခင်ဆွေနှင်း