မသန်စွမ်းသူ အခွင့်အရေးဆိုင်ရာ အသိပညာပေး Talk Show ပြုလုပ်

တောင်ကုတ် ဇူလိုင် ၁၈

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန(Community Centre)ခန်းမတွင် မသန်စွမ်းသူအခွင့်အရေးဆိုင်ရာ အသိပညာပေး Talk Showကို မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပူးပေါင်း၍ ယနေ့ နံနက် ၁၁ နာရီအချိန်တွင် ဆောင်ရွက်ခဲ့ကြောင်း သိသည်။

အဆိုပါ အသိပညာပေး Talk Show ပြုလုပ်ရာတွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ ဒုတိယဦးစီးမှူး ဦးသန့်ဇင်ဖြိုးက မသန်စွမ်းသူများနှင့် ပတ်သက်၍ မိမိတို့ဦးစီးဌာနအနေဖြင့် မသန်စွမ်းမှု အမျိုးစားများကို လေးမျိုး သတ်မှတ်ထားပါကြောင်း၊ အသက်(၁၈)နှစ် (၄၅)နှစ်အတွင်းရှိ ကိုယ်အင်္ဂါ မသန်စွမ်းသူများအတွက် သက်ကြီး သင်တန်းကျောင်းတစ်ကျောင်းကို ရန်ကုန်တွင် ဖွင့်လှစ်၍ အသက်မွေးဝမ်းကျောင်း ပညာရပ်များဖြစ်သော ဓာတ်ပုံ ၊ ဆံသ၊ ကွန်ပျူတာ၊ တံဆိပ်ရိုက်၊ စက်ချုပ်၊ အိလက်ထရောနစ်သင်တန်းများကို သင်ကြားလျက်ရှိပါ ကြောင်း၊ ရန်ကုန်မြို့နှင့် စစ်ကိုင်းမြို့များတွင် မျက်မမြင်ကျောင်း(၂)‌ကျောင်း ဖွင့်လှစ်ပြီး အသက်(၆)နှစ်မှ အသက်(၁၈)နှစ်အတွင်းရှိ အမြင်အာရုံမသန်စွမ်းသော ကလေးငယ်များအား လက်ခံစောင့်ရှောက်၍ မျက်မမြင် လက်စမ်းစာဖြင့် မူလတန်းပညာကို ‌‌ကျောင်းတွင်းပညာရေးအဖြစ် သင်ကြားပေးလျက်ရှိပြီး အလယ်တန်း၊ အထက်တန်းနှင့်တက္ကသိုလ်ပညာရပ်များကိုလည်း ပညာရေးဝန်ကြီးဌာနမှ ဖွင့်လှစ်ထားသည့်ကျောင်းများတွင် ဆက်လက် ပညာသင်ကြားပေးလျက်ရှိကြောင်းနှင့် စာပေသင်ကြားနိုင်စွမ်းမရှိသူများအား အသက် မွေးဝမ်းကျောင်းပညာရပ်များကို သင်ကြားပေးလျက်ရှိကြောင်း ဆွေးနွေးပါသည်။

မြို့နယ်(ပြန်/ဆက်)