မံစီ ဇူလိုင် ၁၈
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre) ၌ ယနေ့ နေ့လယ် ၁၂ နာရီက (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အကြို အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်နှင့် နံရံကပ်စာစောင်ပြပွဲကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်နှင့် နံရံကပ်စာစောင်ပြပွဲကို ပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများ အာဇာနည်နေ့အကြောင်းကိုသိရှိစေရန်နှင့် စာကြည့်တိုက်များကို ပိုမိုအသုံးချတတ်လာပြီး စာပေများကို လေ့လာဖတ်ရှုကာ စာပေအသိပညာ ဗဟုသုတများမြှင့်မား လာစေရန် ရည်ရွယ်၍ ကျင်းပရခြင်း ဖြစ်ကြောင်း၊ ဟောပြောပွဲတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်မြသက်ဦး က တက်ရောက်လာသည့် လူငယ်လူရွယ် ကျောင်းသား၊ ကျောင်းသူများကို အာဇာနည်နေ့အကြောင်းကို အသိပညာပေးဟောပြောခဲ့သည်။
ပြပွဲတွင် အသိပညာ ဗဟုသုတများစွာရရှိစေမည့် သုတရသ စာအုပ်စာစောင်များနှင့် အာဇာနည်နေ့နှင့် သက်ဆိုင်သည့် သုတစာအုပ်များကို ခင်းကျင်းပြသခဲ့ပြီး အာဇာနည်နေ့အကြောင်း အသိပညာပေး၊ သဘာဝ ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအသိပညာပေး၊ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးအသိပညာပေး၊ မျောက်ကျောက်ရောဂါ အကြောင်းအသိပညာပေး၊ ကလေးသူငယ် အလုပ်သမားပပျောက်ရေး အသိပညာပေး၊ မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ အသိပညာပေးစသည့် အသိပညာပေး နံရံကပ်စာစောင်များကို ပြသခဲ့ရာ လူငယ်လူရွယ် ကျောင်းသား၊ ကျောင်းသူများ စိတ်ဝင်တစား လာရောက်လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရ သည်။
မြို့နယ်(ပြန်/ဆက်)