ပျဉ်းမနားမြို့နယ်၌ (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် နံရံကပ် စာစောင်ပြပွဲကျင်းပ

ပျဉ်းမနား ဇူလိုင် ၁၈

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီတွင် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ပျဉ်းမနားမြို့နယ်ရုံး ဦးစီးအရာရှိ ဦးဇော်မင်းလွင်က (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။

ထို့နောက် စာရေးဆရာခိုင်မင်း (နေပြည်တော်)က အာဇာနည်နေ့ဖြစ်ပေါ်လာပုံအကြောင်း၊ အာဇာနည်ခေါင်းဆောင်ကြီးများ၏ အတ္ထုပ္ပတ္တိနှင့် လွတ်လပ်ရေးရရှိအောင် ကြိုးပမ်းဆောင်ရွက်ခဲ့မှုများအား အကျယ်တဝင့် ဟောပြောဆွေးနွေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများက အာဇာနည်နေ့ အထိမ်းအမှတ်ကဗျာများအား ရွတ်ဆိုခဲ့ကြသည်။

ယင်းနောက် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ယုယုကြည်က ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး အခမ်းအနားသို့ တက်ရောက်လာကြသည့် ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများက ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၅) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် ပြသထားရှိသော နံရံကပ်ပြဘုတ်များအား လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ဇော်မင်းလွင်(ပြန်/ဆက်)