ချမ်းအေးသာစံ ဇူလိုင် ၁၈
စာရေးဆရာချစ်နိုင် (စိတ်ပညာ) ၏ "ကံဆိုသည်မှာစေတနာ " မုဒိတာအမှာစကားများ စာအုပ် စာဖတ်ဝိုင်းကို ယနေ့နေ့လယ် ၁ နာရီက မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပသည်။
အခမ်းအနားတွင် ချမ်းအေးသာစံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးအရာရှိ ဦးထွန်းထွန်းနိုင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး စာရေးဆရာ မောင်လှဘော် (မအူပင်) နှင့် စာရေးဆရာ မောင်လူလှ (ဇေယျာဦး) တို့က "ကံဆိုသည်မှာ စေတနာ " မုဒိတာအမှာစကားများ စာအုပ်ပါအကြောင်းအရာများကို ဆွေးနွေးခဲ့ကြသည်။
ထို့နောက် တက်ရောက်လာသည့် စာဖတ်ပရိတ်သတ်များက စာအုပ်တွင်ပါရှိသည့် အကြောင်းအရာများ၊ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ စာရေးဆရာများက မေးမြန်းချက်များကို ပြန်လည်ဖြေကြား ဆွေးနွေးခဲ့ကြသည်။
အဆိုပါ စာဖတ်ဝိုင်းသို့ ချမ်းအေးသာစံမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးထွန်းထွန်းနိုင်နှင့်တာဝန်ရှိသူများ၊ စာရေးဆရာမောင်လှဘော် (မအူပင်)၊ စာရေးဆရာမောင်လူလှ (ဇေယျာဦး) နှင့် စာပေဝါသနာရှင်များ တက်ရောက်ဆွေးနွေးခဲ့ကြသည်။
စာရေးဆရာ ချစ်နိုင် (စိတ်ပညာ) ၏ နိဒါန်းနှင့် အမှာစကား၊ အမျိုးသာစာပေဆုရ ရတနာစိုး၏ " မြန်မာနိုင်ငံဆန်စပါးထုတ်လုပ်တင်ပို့မှုသမိုင်း" စာအုပ်အမှာစကား၊ ထွန်းဖောင်ဒေးရှင်း စာပေဆုရ ဆရာဦးဝင်းထိန် (ဟိုတယ်/ ခရီး) ၏ "၄၂နှစ်တာဟိုတယ်လုပ်ငန်းနှင့် လူ့စွမ်းအားအရင်းအမြစ်" စာအုပ်တွင်ပါသည့် မုဒိတာစကားစသည့် စာရေးဆရာများ ရေးသားခဲ့သည့် အမှာစကားများ၊ မုဒိတာစကားများ စုစုပေါင်း ၂၈ ပုဒ်ပါရှိကြောင်းသိရသည်။ ထိပ်ထားနိုင်