မန်တုံ ဇူလိုင် ၁၈
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများဗဟုသုတ တိုးပွားစေရန်ရည်ရွယ်၍ နံရံကပ်စာစောင်ပြပွဲ၊ ဓာတ်ပုံပြပွဲများဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် အာဇာနည်နေ့နံရံကပ်စာစောင်ပြပွဲ၊ ဓာတ်ပုံပြပွဲနှင့်စာအုပ်စာစောင်ပြပွဲကို ယနေ့မွန်းလွဲပိုင်းအချိန်က မန်တုံမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (CommunityCentre) ခန်းမ၌ ပြုလုပ်ကျင်းပခဲ့သည်။
ရှေးဦးစွာ မန်တုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်ယုယုအောင်က ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များအား အာဇာနည်နေ့ ဖြစ်ပေါ်လာပုံကိုသိရှိစေရန်နှင့် စာကြည့်တိုက်တွင် စာအုပ်စာစောင်များ လာရောက်ငှားရမ်းသည့် အလေ့အကျင့်ရှိစေရန်၊ စာဖတ်ခြင်းဖြင့် အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ စာအုပ်စာစောင်ပြပွဲ ပြသရခြင်းဖြစ်ကြောင်း ဦးစွာရှင်းလင်းပြောကြားပြီး နံရံကပ်စာစောင်တွင် ပြသထားသော ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်(၉)ဦးတို့၏အတ္ထုပ္ပတ္တိများ၊ အာဇာနည်နေ့ပေါ်ပေါက်လာပုံ အကြောင်းအရာများ၊ ဗိုလ်ချုပ်မိန့်ခွန်းများနှင့် ခင်းကျင်းပြသ ထားသော စာအုပ်စာစောင်များအား အခြေခံပညာအထက်တန်းကျောင်းမှအထက်တန်း၊ အလယ်တန်းကျောင်းသား/သူများက စိတ်ဝင်စားစွာကြည်ရှု လေ့လာဖတ်ရှုခဲ့ကြသည်။
မန်တုံ(ပြန်/ဆက်)