ဗန်းမော် ဇူလိုင် ၁၈
ကချင်ပြည်နယ် ဗန်းမော်မြို့တွင် အခြေခံပညာ ကျောင်းသားကျောင်းသူများအား အသိပညာ ဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍ (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် နယ်လှည့် အသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြသခြင်းကို ဇူလိုင် ၁၈ ရက် နံနက် ၉ နာရီခွဲက ဗန်းမော်မြို့ အမှတ်(၅)အခြေခံပညာ အထက်တန်းကျောင်းရှိ အောင်ဆန်းခန်းမ၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးအောင်ကျော်ထွန်းက လူငယ်ရေးရာဆိုင်ရာများအကြောင်းနှင့် အာဇာနည်နေ့ အကြောင်း သိကောင်းစရာများကို လည်းကောင်း၊ ဗန်းမော်ခရိုင် စားသုံးသူရေးရာ ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ဦးက စားသုံးသူအကာအကွယ်ပေးရေး အသိပညာပေးဟောပြောခြင်း၊ ဗန်းမော်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဆန္ဒမွန်က အစားအသောက်နှင့် ပတ်သက်၍ ကုန်စည်နှင့်ဝန်ဆောင်မှုအကြောင်းကို လည်းကောင်း အသိပညာပေးဟောပြောခဲ့ ကြကာ အမှတ်(၅)အခြေခံပညာ အထက်တန်းကျောင်းမှ ဆရာဆရာမများ၊ အထက်တန်းအဆင့် ကျောင်းသားကျောင်းသူ(၃၀၇)ဦး တက်ရောက်ခဲ့ကြသည်။
ယင်းနောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ခင်းကျင်း ပြသထားသည့် အာဇာနည်ပုဂ္ဂိုလ်(၉)ဦးတို့၏ အတ္ထုပ္ပတ္တိအကျဉ်း နံရံကပ်စာစောင်နှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာများ၊ မူးယစ်ဆေးဝါးကာကွယ်ရေးဆိုင်ရာများ၊ ကလေးအလုပ်သမား ပပျောက်ရေးအသိပညာပေး နံရံကပ်စာစောင်များ၊ အာဇာနည်ခေါင်းဆောင်များ၏ သမိုင်းမှတ်တမ်း စာအုပ်များ၊ အသိပညာဗဟုသုတ ရရှိစေသည့် သုတ/ရသစာအုပ်များ၊ စာစောင်များကို ကျောင်းသား ကျောင်းသူများက စိတ်ဝင်တစားဖတ်ရှုလေ့လာခဲ့ကြောင်း သိရသည်။
ဗန်းမော်(ပြန်/ဆက်)