စဉ့်ကိုင် ဇူလိုင် ၁၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်း၍ အာဇာနည်နေ့အကြောင်းသိကောင်းစရာ အသိပညာပေးဆွေးနွေးပွဲ Talk Show ကို ယနေ့နံနက်(၁၀)နာရီက လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ဆောင်ရွက်ခဲ့သည်။
အဆိုပါဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းသန်းက အာဇာနည်နေ့အကြောင်း အသိပညာပေးဆွေးနွေးပွဲကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး၊ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းဥက္ကဋ္ဌ စာရေးဆရာရှေ့နေဦး၀င်းကြည်က အာဇာနည်နေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်းနှင့် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ၏ လွတ်လပ်ရေးကြိုးပမ်းမှုများကို အသိပညာပေးဆွေးနွေးခဲ့သည်။
စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် အသိပညာပေးဟောပြောပွဲများ၊ မူလတန်းအဆင့် ဗိုလ်ချုပ်မိန့်ခွန်းပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲများနှင့် အလယ်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲများကို ကျင်းပပေးခဲ့ပြီး ပြည်သူများ အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲများကိုလည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဝင်းဝင်းသန်း(စဉ့်ကိုင်)