ချောင်းဆုံ ဇူလိုင် ၁၈
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Center) ခန်းမ၌ ယနေ့ နံနက် (၁၀)နာရီက (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် စာစီစာကုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ကျင်းပပြုလုပ်ရာ မြို့နယ်ပညာရေးမှူးနှင့် ဆရာ/ဆရာမများ ကျောင်းသား/သူများ (ပြန်/ဆက်)ဌာနမှ ဝန်ထမ်းများ ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် မြို့နယ် (ပြန်/ဆက်)ဦးစီးအရာရှိ ဒေါ်မိသူဇာက ဟောပြောပွဲနှင့် ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး မြို့နယ်ပညာရေးမှူး ဦးသိန်းဟန်က အာဇာနည်နေ့ စတင်ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း၊ အာဇာနည်ခေါင်းဆောင်ကြီး (၉)ဦး၏ အတ္ထုပ္ပတ္တိ အကြောင်းအရာများအား ဟောပြောခဲ့ကာ ဒုတိယမြို့နယ်ပညာရေးမှူး ဦးတင်မျိုးနိုင်က စာစီစာကုံးပြိုင်ပွဲ ဆုရွေးချယ်ခြင်း အမှတ်ပေးစည်းမျဉ်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။ ထို့နောက် ဆုချီးမြှင့်ခြင်းအစီအစဉ်ကို ဆက်လက်ကျင်းပရာ ဇူလိုင် (၁၅)ရက်နေ့က အလယ်တန်း၊ အထက်အဆင့် စာစီစာကုံးပြိုင်ပွဲတွင် “မိုးစက်ဖြိုင်ဖြိုင် လဇူလိုင်”ခေါင်းစဉ်ဖြင့် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြပြီး ပထမဆုရရှိသည့် (ဘိုးနက်လခွဲ)ကျောင်းမှ မမြင့်မြတ်ဖြူစင်အားလည်းကောင်း၊ ဒုတိယဆု ရရှိသည့် (ကွမ်သဲမူလွန်တော်ပေါင်း)ကျောင်းမှ မပွင့်ပွင့်ကဗျာအားလည်းကောင်း၊ တတိယဆုရရှိသည့် (ချောင်းဆုံ မြို့မ မူလွန်ကျောင်း)မှ မတွယ်တာစိုးအားလည်းကောင်း တာဝန်ရှိသူများက အသီးသီး ဆုများ ချီးမြှင့်ပေးခဲ့ကြောင်းနှင့် ကျန်ပြိုင်ပွဲဝင် ကျောင်းသား/သူများအားလည်း အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ချောင်းဆုံ(ပြန်/ဆက်)