လှည်းကူး ဇူလိုင် ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်တွင် ဒေသနေပြည်သူများ စာပေများဖတ်ရှုသည့် အလေ့အကျင့်ရှိစေရန်နှင့် စာပေဖတ်ရှုခြင်းမှရရှိသော စာဖတ်ခြင်း၏ အကျိုးကျေးဇူးများအကြောင်း သိရှိစေရန်ရည်ရွယ်၍ ယနေ့ နံနက် (၁၀) နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာရေးဆရာချစ်နိုင် (စိတ်ပညာ)၏ ပျော်ရွှင်နိုင်ပါစေ စာအုပ်ဖြင့်စာဖတ်ဝိုင်း ကျင်းပပြုလုပ်ကြောင်း သိရသည်။
အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးအေးနွဲ့က စာဖတ်ခြင်းမှရရှိသည့် အသိပညာဗဟုသုတများကို သိရှိစေရန်အတွက် ပြုလုပ်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ စာပေချစ်သူများ အချင်းချင်းတစ်ဦးနှင့်တစ်ဦး အပြန်အလှန်ဆွေးနွေးသည့် အလေ့အကျင့်ရှိစေရန်အတွက် စာဖတ်ဝိုင်း ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ယခု ဆွေးနွေးသည့် စာအုပ်သည်လူငယ်များအနေဖြင့် ဖတ်သင့်သည့်စာအုပ်ကောင်းတစ်အုပ်ဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီးနောက် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းမှ ဦးစိုးသူနှင့် မစန္ဒီနွေးတို့က အဆိုပါ စာအုပ်တွင်ပါရှိသည့် အကြောင်းအရာများကို ဦးဆောင်ဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများ ကလည်း အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။
အေးအေးနွဲ့(ပြန်/ဆက်)