(၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ကဗျာရေးစပ်သီကုံးပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

မုဒုံ  ဇူလိုင် ၁၈

မွန်ပြည်နယ်  မော်လမြိုင်ခရိုင်  မုဒုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်းကျင်းပသည့် ၂၀၂၂ ခုနှစ် ဇူလိုင် ၁၉ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ကဗျာရေးစပ်သီကုံးပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက မုဒုံမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် မုဒုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မိုးမိုးစန္ဒာထွန်းက ကျောင်းသား၊ကျောင်းသူများ ကာယ၊ ဉာဏနှင့် စာဖတ်စွမ်းရည်မြင့်မားလာစေရန်၊ ထူးချွန်ထက်မြတ်သည့် လူတော်လူကောင်းများ ပေါ်ထွက်လာစေရန်အတွက် ပြိုင်ပွဲကို ကျင်းပပေးရခြင်းဖြစ်ကြောင်း၊ အားလပ်ချိန်များတွင် စာ​ပေဗဟုသုတ ရရှိစေရန်အတွက် စာကြည့်တိုက်သို့ လာရောက်၍ စာအုပ်၊ စာစောင်များကို ဖတ်ရှုလေ့လာနိုင်ကြောင်း ရှင်းလင်းပြောကြားသည်။  ထို့နောက် ပြိုင်ပွဲတွင်ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပြီး ပြိုင်ပွဲဆုရကဗျာနှင့်ပတ်သက်၍ မြန်မာနိုင်ငံ သတင်းစာဆရာအသင်း ပြည်နယ်ပြန်ကြားရေးမှူး ဦးကျော်ဇေယျာဦးက ရှင်းလင်းကာ “ကိုးဦးခေါ်မည် နေ့ထူးအာဇာနည်” ခေါင်းစဉ်ဖြင့် ဂုဏ်ပြုကဗျာ ရွတ်ဆိုပေးခဲ့သည်။

အဆိုပါ အခမ်းအနားသို့ မုဒုံမြို့နယ်ပညာရေးမှူး ဒေါ်မြဝင်းနှင့် ကျောင်းအုပ်ဆရာမကြီးများ၊ မြို့နယ်အတွင်းရှိ ရော်ဘာကုမ္ပဏီများမှ တာဝန်ရှိသူများ၊ ကျောင်းသား/သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အောင်မျိုးသူ (ပြန်/ဆက်)