ဘိုကလေးမြို့နယ်တွင် အားကစားဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် သရုပ်ပြပွဲကျင်းပ

ဘိုကလေး ဇူလိုင် ၁၈

နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ ပေါ်ထွန်းလာစေရေး၊ ကျောင်သား/သူ၊ လူငယ် လူရွယ်များအနေဖြင့် အားကစားစိတ်ဓာတ် ရှင်သန်ထက်မြက်ရေး၊ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်စေရေးတို့ကို ရည်ရွယ်၍ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ ယမန်နေ့ မွန်းလွဲ (၂)နာရီအချိန်၌ ဘိုကလေးမြို့နယ်၊ ဟေမာန်ကျေးရွာအုပ်စုရှိ ဟေမာန် (အ.ထ.က)ကျောင်းအရောက် ကွင်းဆင်း၍ ကျောင်းသား/သူများအား အားကစားဆိုင်ရာ အသိပညာပေး ဟောပြောပွဲနှင့်အတူ အားကစားသရုပ်ပြမှုများ ဆောင်ရွက်ခဲ့သည်။

အဆိုပါ ဟောပြောပွဲ၌ အားကစားနှင့်ကာယပညာ ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်စန္ဒာကျော်မှ ကျောင်းသား/သူများအနေဖြင့် အားလပ်သည့် အချိန်များအား အသုံးချရာတွင် အားကစားကဏ္ဍဖြင့် အကျိုးရှိစွာ အသုံးချစေချင်ကြောင်း၊ မိမိတို့ မြို့၊ ရွာ၊ မိမိတို့နိုင်ငံ အားကစားဂုဏ်မြှင့်တင်နိုင်ရေးအတွက် လူငယ်တိုင်းတွင် တာဝန်ရှိကြောင်း၊ အားကစားဝါသနာပါသူ ကျောင်းသား/သူများအနေဖြင့် မြို့နယ်အားကစားနှင့်ကာယပညာ ဦးစီးဌာနတွင် လာရောက်အခမဲ့ ဆော့ကစားနိုင်ပြီး အားကစားပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်နိုင်ရေး စီစဉ်ဆောင်ရွက်ထားမှုများရှိကြောင်း ပြောကြားသည်။

ဆက်လက်၍ အားကစားနှင့်ကာယပညာ ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်စန္ဒာကျော်နှင့် ဝန်ထမ်းများမှ ကျောင်းသား/သူများအား ဘောလုံးအားကစားနည်းများအား သရုပ်ပြ ဆော့ကစားခဲ့ကြောင်းနှင့် အဆိုပါကျောင်းအတွက် ဘောလုံးနှင့် စားပွဲတင်တင်းနစ် ဘောလုံးများအား မြို့နယ်အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ လှူဒါန်းရာ တာဝန်ခံ ကျောင်းအုပ်ဆရာကြီးမှ လက်ခံခဲ့ကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)