မိတ္ထီလာ ဇူလိုင် ၁၈
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာတက္ကသိုလ်၌ (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁ဝ နာရီအချိန်က အဆိုပါတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် ရှေးဦးစွာ ပါမောက္ခချုပ်ဒေါက်တာဘဟန်က အဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်၍ ဟောပြောပွဲကို ကျင်းပရာ သမိုင်း တင်ကျန် အာဇာနည်အမှန်ခေါင်းစဉ်ဖြင့် သမိုင်းဌာန၊ တွဲဖက်ပါမောက္ခ ဒေါက်တာနှင်းငွေက ဟောပြောသည်။ အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပေး သော တွဲဖက်ပါမောက္ခ ဒေါက်တာနှင်းငွေထံသို့ အမှတ်တရ ဂုဏ်ပြုလက်ဆောင်ကို ပါမောက္ခချုပ် ဒေါက်တာဘဟန်က ပေးအပ်ချီးမြှင့်သည်။ ဆုချီးမြှင့်ပွဲအား ဆက်လက်ကျင်းပရာ (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရှိကြသော ကျောင်းသူ ကျောင်းသားများနှင့် ၂ဝ၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်ခဲ့ကြသော မိတ္ထီလာတက္ကသိုလ် ပညာရေးဝန်ထမ်းမိသားစုများ၏ သားသမီး ကျောင်းသူကျောင်းသားများအား ဂုဏ်ပြုဆုများကို ပါမောက္ခချုပ် ဒေါက်တာဘဟန်၊ ဒုတိယ ပါမောက္ခချုပ်ဒေါက်တာ ဝင်းမင်းသိန်းနှင့် ဒုတိယပါမောက္ခချုပ် ဒေါက်တာ ခင်နှင်းအိတို့က ပေးအပ်ချီးမြှင့်ကြောင်း သိရသည်။ အဆိုပါ ဟောပြောပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ ပါမောက္ခချုပ် ဒေါက်တာဘဟန်၊ ဒုတိယ ပါမောက္ခချုပ်များ ၊ ဆရာ/ဆရာမများ ၊ ကျောင်းသူ/ကျောင်းသားများ တက်ရောက်ကြောင်း သိရသည်။
ချမ်းသာ