နမ့်ဆန် ဇူလိုင် ၁၈
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့ မြို့မဂိုဏ်းချုပ်ကျောင်းတိုက်တွင် ဝါဆိုသင်္ကန်းကပ်လှူဒါန်းခြင်း အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့ပါသည်။
ရှေးဦးစွာ ဝါဆိုသင်္ကန်းကပ်လှူဒါန်းခြင်းအခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ပြီးနောက် တက်ရောက်လာကြသည့် ဧည့်ပရိတ်များမှ မြို့မဂိုဏ်းချုပ် ကျောင်းတိုက်ဆရာတော် ဘန္ဒန္တဝိမလထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။
ယင်းနောက် အမှတ်(၁၀၁) ဒုတိယတပ်မမှူး ဗိုလ်မှူးကြီးမင်းမောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်ဗိုလ်မှူး ကျော်ညီညီသိန်း၊ မြို့နယ်မှူး ရဲမှူးမောင်မောင်သန်း တို့နှင့်အတူ ကျောင်းထိုင်ဆရာတော် ဘန္ဒန္တဝိမလအား အရှေ့မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦး ဇနီးဒေါ်ကြည်နွယ်ဦး အမှူးပြု သောအရာရှိ၊ အရာခံ၊ အကြပ်စစ်တည် မိသားစုမှ လှူဒါန်းသည့် ဆွမ်းဆန်တော် (၅)အိတ် တန်ဖိုးငွေကျပ်(၁၂၅၀၀၀/-)၊ ဆီ (၅)ပိဿာ တန်ဖိုးငွေ ကျပ်(၅၅၀၀၀/-)၊ ရွှေဖီဦး (၅)ထုပ် တန်ဖိုးငွေကျပ် (၁၀၀၀၀/-)နှင့် သင်္ကန်းပရိက္ခရာ (၈)မျိုးပါ ခြင်း(၁)ခြင်း တန်ဖိုးငွေ ကျပ်(၆၀၀၀၀/-) စုစုပေါင်း ငွေကျပ် (၂၅၀၀၀၀/-)အား အသီးသီး ဆက်ကပ်လှူဒါန်းခဲ့သည်။ ထို့နောက် ဆရာတော်ဘုရားမှ အနုမောဒနာတရားချီးမြှင့်၍ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကာ ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
နမ့်ဆန်ဒေသ(ပြန်/ဆက်)