အစိုးရနည်းပညာ အထက်တန်းကျောင်း(ပင်လုံ)၌ မိုးရာသီအားကစားပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

လွိုင်လင် ဇူလိုင် ၁၈

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့၊ အစိုးရနည်းပညာအထက်တန်းကျောင်း(ပင်လုံ)တွင် (၂၀၂၂-၂၀၂၃) ပညာသင်နှစ် မိုးရာသီအားကစားပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားအား ကျောင်းဖူဆယ်ကွင်းတွင် ယနေ့နံနက် ၉ နာရီအချိန်ကကျင်းပပြုလုပ်ရာ ကျောင်းအုပ်ဆရာကြီးဦးစိန်ကျော်လှိုင်မှ ကျောင်းသား/သူလေးများ အား ကိုယ်ကာယကျန်းမာကြံ့ခိုင်စေရန်၊ ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ ဉာဏ်ပညာအရည်အသွေး မြင့်မားတိုးတက်မှု ရှိနေစေရန်၊ ကျောင်းကိုယ်စားပြု အားကစားအသင်းများဖွဲ့စည်းရန်နှင့် အားကစားဖြင့် ကျောင်းသားများ၏ မျိုးချစ်စိတ်ဓါတ်၊ နိုင်ငံချစ်စိတ်ဓါတ်များကို မြှင့်တင်ပေးနိုင်ရန် ရည်ရွယ်၍ ပြုလုပ်ကျင်းပပေးရခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားပေးခဲ့သည်။       

ဆက်လက်၍ အားကစားပွဲကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ဦးချစ်စမ်းမောင်မှပြိုင်ပွဲအကြောင်းနှင့် စည်းမျဉ်းစည်းကမ်းများအကြောင်း ရှင်းလင်းပြောကြား ပေးခဲ့ပြီးနောက် ဆရာမများမှ အကများဖြင့် ဖျော်ဖြေပေးခဲ့ကြောင်း သိရသည်။ အခမ်းအနားသို့ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပြီး အားကစားပြိုင်ပွဲအား ဇူလိုင်လ ၁၈ ရက်နေ့မှ စတင်ကာ ဇူလိုင်လ၂၂ ရက်နေ့အထိ ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် ဖူဆယ်ဘောလုံးပြိုင်ပွဲအား ၅ ရက် ကျင်းပပြုလုပ် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အယ်မင်း(လွိုင်လင်)