မလှိုင် ဇူလိုင် ၁၈
မလှိုင်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ လှုပ်ရှားမှု ရက်သတ္တပတ်အဖြစ် ကျွဲ၊ နွား၊ ခွါနာ ၊ လျှာနာ ရောဂါ ကာကွယ်ဆေး အခမဲ့ထိုးနှံပေးခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းကို ယမန်နေ့က မလှိုင်မြို့နယ်၊ လယ်ကြီးကျေးရွာ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါနေ့က မလှိုင်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်စိုးနိုင် ဦးဆောင်၍ တိရစ္ဆာန် ကျန်းမာ ရေးလုပ်သားများက လယ်ကြီးကျေးရွာရှိ နွားပိုင်ရှင် (၁၂၀)ဦး၏ နွားကောင်ရေ(၃၈၄)ကောင်ကို ခွါနာ၊ လျှာနာရောဂါ ကာကွယ်ဆေးများ အခမဲ့ ထိုးနှံပေးခဲ့ပြီး နွားပိုင်ရှင်များအား ခွါနာ၊ လျှာနာရောဂါနှင့် ပတ်သက်သည့် အကြောင်းအရာများ အသိပညာပေးဟောပြောပြီး ပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။
ခွါနာ၊ လျှာနာ ရောဂါကင်းစင်သောဒေသသည် တိရစ္ဆာန်များ ထိခိုက်သေဆုံးမှု လျှော့နည်းခြင်း၊ မျိုးပွားနှုန်းနှင့် ကြီးထွားနှုန်းကောင်းမွန်ခြင်း၊ လယ်ယာလုပ်ငန်းခွင်တွင် စွမ်းအားပြည့် အသုံးချနိုင်ခြင်း၊ ပြည်ပစျေးကွက်သို့ ပို့ဆောင်နိုင်ခြင်းစသည့် အကျိုးရလဒ်များကြောင့် ခွါနာ၊ လျှာနာ ရောဂါကင်းစင်ဇုံ ဖော်ဆောင်နိုင်ရန် ရည်ရွယ်၍ ထိုးနှံပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အောင်ဌေး(မလှိုင်)