ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင်  ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

ကျောက်ဆည် ဇူလိုင် ၁၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် လူသားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ယနေ့နံနက် (၁၀) နာရီက ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက ကလေးအလုပ်သမားပပျောက်ရေး ရည်မှန်းချက်များဖြစ်သည့် မြန်မာနိုင်ငံတွင် ကလေးများအား ကလေးအလုပ်သမားအဖြစ်ခိုင်းစေမှု၊ အထူးသဖြင့် အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေမှုများအား လျော့နည်းပပျောက်စေရန်နှင့် ထိရောက်စွာတားဆီးကာကွယ်ရေး၊ ဥပဒေအရတရားဝင် အလုပ်လုပ်ကိုင်ခွင့်ရှိသည့် ကလေးအလုပ်သမားများအား ဥပဒေနှင့်အညီ ထိရောက်စွာအကာကွယ်ပေးရေး၊ အန္တရာယ်ရှိသောအလုပ်နှင့် လုပ်ငန်းခွင်များတွင် လုပ်ကိုင်နေရသည့် ကလေးအလုပ်သမား များအား ဖယ်ရှားပြီးသင့်လျော် ကောင်းမွန်သည့် အလုပ်အကိုင်ရရှိရေးနှင့် သက်မွေးပညာကျောင်းများ တက်ရောက်နိုင်ရေး စီမံဆောင်ရွက်ပေးရေး စသည့်အကြောင်းအရာများကို အသိပညာပေးပြောကြားခဲ့ သည်။

ထို့နောက် ဦးစီးအရာရှိဒေါ်ခင်နှင်းရီက ကလေးအလုပ်သမားပပျောက်ရေး ၂၀၁၉-၂၀၂၃ ခုနှစ် ပထမငါးနှစ်စီမံချက်၏ ရည်မှန်းချက်များ၊ ကလေးအလုပ်သမားများ၏ အလုပ်ချိန်ကန့်သတ်ချက်များ၊ ကလေးသူငယ်များ၏ အသက်အရွယ်နှင့် အလေးအလုပ်သမားအဓိပ္ပာယ်များကို အသိပညာပေးပြောကြားခဲ့ပြီး တက်ရောက်လာသည့် ကျောင်းသား/သူများက သိရှိလိုသည်များကို ပြန်လည်မေးမြန်းရာ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက မေးမြန်းခြင်းများကို ပြန်လည်ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရသည်။

သက်မောင်(ကျောက်ဆည်)