မိုင်းကိုင် ဇူလိုင် ၁၈
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်အတွင်း အများပြည်သူအသိပညာဗဟုသုတ တိုးပွားစေရန်အတွက် နယ်မြေခံတပ်မှ တာဝန်ရှိသူများနှင့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့က ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းတစ်ရပ်ကို ယနေ့ မနက် ၁၀ နာရီက မိုင်းကိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ကာကွယ်ရေး နည်းလမ်းများနှင့်အညီ ကျင်းပ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ တက်ရောက်လာကြသော ရပ်ကွက်နှင့်ကျေးရွာအုပ်စုများမှ မိဘပြည်သူများနှင့် လူမှုရေးအသင်းအဖွဲ့များအား နယ်မြေခံတပ်မှ တပ်မတော်သား များက သုတ/ရသစာအုပ် စာစောင်များကို ပေးအပ်လှူဒါန်းပြီးနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းလှိုင်လှိုင်ဦးက စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြီး ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်နေ့ထုတ် မြဝတီသတင်းစာကို စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။
စာဖတ်ဝိုင်းတွင် နယ်မြေခံတပ်မှ တာဝန်ရှိသူတစ်ဦးက ဇူလိုင်လ ၁၅ ရက်နေ့ထုတ် မြဝတီသတင်းစာပါ "အောင်မြင်လိုသူတိုင်း ကြိုးစားကြသည်" ခေါင်းစဉ်ဖြင့် အယ်ဒီတာ့အာဘော်ကိုလည်းကောင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ အဖွဲ့ဝင် ဒေါ်တင်တင်မိုးက" တစ်ခုတည်းသော ကမ္ဘာ တစ်ခုတည်းသော ကျန်းမာရေး" ခေါင်းစဉ်ဖြင့် ဆောင်းပါးကိုလည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန်းလှိုင်လှိုင်ဦး က "ဉာဏ်ရည်မြင့်မားတိုးတက်ဖို့ စာပေဖတ်မှတ်လေ့လာစို့" ခေါင်းစဉ်ဖြင့် ဆောင်းပါးကိုလည်းကောင်း၊ ရုပ်သံကျွမ်းကျင်-၃ ဒေါ်နန်းမြင့်အေး က ကဗျာဆရာ မင်းသွေးနွယ်(ဇီးကုန်း) ရေးသားသော "အမျိုးသားတေးနဲ့ ဟစ်ကြွေးညီစေ" ခေါင်းစဉ်ဖြင့်ကဗျာကိုလည်းကောင်း၊ အငယ်တန်းစာရေး ဒေါ်နန်းဖူးဆိုင်ဟွမ် က "Mr. Peter Vowles ၏ တွစ်တာစာမျက်နှာ၌ ရေးသားချက်အပေါ် နိုင်ငံခြားရေးဝန်ကြီးဌာနက ရှင်းလင်းတုံ့ပြန် " ခေါင်းစဉ်ဖြင့် သတင်းတစ်ပုဒ်ကိုလည်းကောင်း ဖတ်ကြားတင်ပြ ဆွေးနွေးခဲ့ရာ တက်ရောက်လာကြသော ရပ်ကွက်နှင့်ကျေးရွာအုပ်စုများမှ လုပ်သားပြည်သူများ၊ လူမှုရေးအသင်းဖွဲ့များနှင့် စာပေချစ်မြတ်နိုးသူများက အသီးသီးပြန်လည်ဆွေးနွေးကာ စာဖတ်ဝိုင်းကို ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)