နမ့်ခမ်းမြို့၌  တိရိစ္ဆာန်များအား ကူးစက်ရောဂါ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်း ရက်သတ္တပတ်လှုပ်ရှားမှုများ ဆောင်ရွက်

နမ့်ခမ်း ဇူလိုင် ၁၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရိစ္ဆာန်များအား ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း ရက်သတ္တပတ်လှုပ်ရှားဆောင်ရွက်မှုကို ယနေ့နံနက်ပိုင်း (၁၀)နာရီအချိန် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နမ့်ခမ်းမြို့နယ်အတွင်းရှိ ပြည်သူများကခိုင်းရန်နှင့် စီးပွားဖြစ်မွေးမြူထားသည့် တိရိစ္ဆာန်များကို ကူးစက်ရောဂါကြောင့် သေဆုံးခြင်း၊ ဆုံးရှုံးခြင်းများမှ ကာကွယ်နိုင်ရန် ရည်ရွယ်၍ မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရိစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း အတွက် အရေးပေါ်တုံ့ပြန်ရေးအဖွဲ့ (၃)ဖွဲ့ ခွဲကာ မြို့နယ်တွင်းရှိ ကုန်းဆာကျေးရွာ၊ ဟိုနားကျေးရွာ၊ ဟိုဆိုင်းကျေးရွာ၊ မြို့ပေါ်ရှိ အမှတ်(၂)နှင့် အမှတ်(၁၄)ရှိ ကျွဲ၊ နွား၊ ဝတ် မွေးမြူသည့် ဒေသခံပြည်သူများအား တိရိစ္ဆာန်ကူးစက် ရောဂါဖြစ်သည့် ခွာနာ၊ လျှာနာ၊ အရေပြားအကြိတ်နှင့် အာဖရိကဝက်အပြင်းဖျား ရောဂါလက္ခဏာများအကြောင်းနှင့် ကူးစက်ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် ဆောင်ရန်ရှောင်ရန်အချက်များ စသည့် အသိပညာပေး ဟောပြောပွဲများကျင်းပခြင်း၊ အသိပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေခြင်းနှင့် ဗီနိုင်းပိုစတာများ ကပ်နှံပြသခြင်း ဆောင်ရွက်ခဲ့သည်။

ဒေခံပြည်သူများ မွေးမြူကြသည့် ကျွဲ၊ နွား၊ ဝတ် မွေးမြူရေးခြံတို့တွင် ကူးစက်ရောဂါ ကာကွယ်ရေးအတွက် ပိုးသတ်ဆေးဖျန်းခြင်းနှင့် ရောဂါကာကွယ်ဆေး ထိုးနှံပေး ခြင်းလုပ်ငန်းများကို မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများသို့ အိမ်တိုင်ရာရောက် ကွင်းဆင်း ဆောင်ရွက်ခဲ့ပြီး တိရိစ္ဆာန်များ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း လှုပ်ရှားဆောင်ရွက်သည့် ရက်သတ္တပတ်အတွင်း တိရိစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာကွယ်ဆေးထိုးနှံခြင်း၊ အသိပညာပေးခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ရန် ကျန်ရှိ သည့် ရပ်ကွက်နှင့်ကျေးရွာများကိုလည်းဆက်လက်၍ ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာဇော်မင်းထွန်း ထံမှ သိရသည်။

ဆိုင်ထွန်း(နမ့်ခမ်း)