ကျောက်ဖြူမြို့ ဒေသခံပြည်သူများအား လေထုအရည်အသွေးအခြေအနေကို သိရှိနိုင်စေရေး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လေထုတိုင်းတာစစ်ဆေးခြင်းများဆောင်ရွက်

ကျောက်ဖြူ   ဇူလိုင်  ၁၈

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ရှိ ဒေသခံပြည်သူများအား ကျောက်ဖြူမြို့၏ လေထုအရည်အသွေးအခြေအနေများကို သိရှိနိုင်စေရန်၊ ကျန်းမာရေးအပေါ်ထိခိုက်နိုင်မှု ရှိ/မရှိ သိရှိနိုင်စေရန်နှင့် ထိခိုက်နိုင်မှု အားလျော့နည်းစေရေး နည်းလမ်းများဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ယမန်နေ့ နံနက်ပိုင်းက ကျောက်ဖြူခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့တို့က တိုးချဲ့ရပ်ကွက်ရှိ ဘိုးဘွားရိပ်သာအနီးတွင် ဝန်းကျင်လေထုအရည်အသွေးအား တိုင်းတာစစ်ဆေးခဲ့သည်။

ထိုသို့ ဝန်းကျင်လေထုအရည်အသွေးအား တိုင်းတာစစ်ဆေးရာတွင် အမေရိကန်နိုင်ငံထုတ် လေထုအရည်အသွေးတိုင်းကိရိယာဖြစ်သည့် Haz Scanner စက်ဖြင့် တိုင်းတာစစ်ဆေးခြင်းဖြစ်ပြီး PM2.5 PM10၊ NO2 ၊ SO2  နှင့် O3 စသော Parameter များကို အဓိကထား၍(၂၄) နာရီကြာ တိုင်းတာခြင်းဖြစ်ကာ ရရှိလာသည့်ရလဒ်များအား ဆက်စပ်ဌာနများနှင့် အများပြည်သူများသိရှိစေရန် ဖြန့်ဝေဆောင် ရွက်သွားမည်ဖြစ်သည်။ ယင်းအပြင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနအနေဖြင့် ထိုသို့လေထုအရည်အသွေး တိုင်းတာခြင်းကို လစဉ်ပုံမှန် ကွင်းဆင်းဆောင်ရွက်စစ်ဆေးပေးလျက်ရှိကြောင်းနှင့် ယခုလက်ရှိ အချိန်အထိ ကွင်းဆင်းဆောင်ရွက်တွေ့ရှိချက်များအရ ကျောက်ဖြူမြို့နယ်အတွင်းတွင် လေထုအရည် အသွေးကောင်းမွန်လျက်ရှိကြောင်း ပတ်ဝန်ကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးထံမှ သိရ သည်။

အဆိုပါ လေထုအရည်အသွေး တိုင်းတာခြင်းများ ဆောင်ရွက်ရာတွင် ကျောက်ဖြူခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ ပူးပေါင်းကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

တင်ထွန်းဦး၊ဖြိုးဝေလင်း (ပြန်/ဆက်)