ပင်လောင်းမြို့နယ်၌ ဒညင်းသီးပေါ်ချိန် မိသားစုဝင်ငွေရရှိ

ပင်လောင်း ဇူလိုင် ၁၈

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၌ ဒညင်းသီးများရင့်ကြပြီး ခူးဆွတ်ရောင်းချကြရာ မိသားစုဝင်ငွေများ တစ်ပိုင်တစ်နိုင်ရရှိကြသည်။

အဆိုပါ ဒညင်းသီးကို ရောင်းချကြသည့် တောင်သူတစ်ဦးဆီမှ "ပင်လောင်းမြို့နယ်က ရေခံမြေခံကောင်းမွန်ပြီး ဘာပဲစိုက်စိုက် ဖြစ်ထွန်းအောင်မြင်ကြတယ်၊ ဒညင်းပင်ကို စိုက်ပျိုးခြင်းဟာ လူလည်းမပင်ပန်းရဘူး၊ မြေသြဇာထည့်ပေးစရာလည်းမလိုဘူး၊ အသီးတွေလည်းအောင်မြင်ကြတယ်၊ ဒီအသီးတွေကို အရင်နှစ်ပတ်တုန်းက ပွဲစားတွေ ရွာထိလုပြီး လာဝယ်ကြတယ်၊ အဲချိန်တုန်းက ဒညင်းသီးက သိပ်ပြီးတော့ မရင့်ကြသေးဘူး၊ ပွဲစားတွေက တစ်ပိဿာကို ဈေး ငွေကျပ် ၈၀၀၊ ၉၀၀ ဝန်းကျင်ထိ လာဝယ်ကြတယ်၊ ဒါမယ့်မရင့်သေးတော့ မရောင်းလိုက်ရဘူး၊ အခု ရင့်တော့ ဈေးအနည်းငယ်ကျသွားတယ်၊ ငွေကျပ် ၅၀၀ နဲ့ ၆၀၀ ဝန်းကျင် အလုံးလှရင် လှသလို ဝယ်ကြတယ်၊ ဒီလိုနှစ်ရှည်ပင်စိုက်ပျိုးတာက ပတ်ဝန်းကျင်လည်း ထိခိုက်မှုမရှိတဲ့အပြင် မိသားစုဝင်ငွေလဲ ရရှိပါတယ်"ဟု ပြောသည်။

ပင်လောင်းမြို့နယ်သည် ရေခံမြေခံကောင်းမွန်ပြီး ကုန်စိမ်းသီးနှံများအများအပြားစိုက်ပျိုးကြရာ ယခုနှစ်တွင် ဒညင်းသီးသည် အရင်နှစ်ထက် ဈေးကောင်းပိုရပြီး မိသားစုဝင်ငွေများ ရရှိကြကြောင်း သိရသည်။

ခွန်ရဲမင်းပိုင် (ပင်လောင်း)