မိုင်းဖြတ် ဇူလိုင် ၁၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် သတိပြုစရာ ကျွဲ၊ နွား အရေပြားအကျိတ်နာရောဂါအကြောင်း အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀နာရီက နမ့်နန်းအုပ်စု၊ ပါယောင်း(၁)ကျေးရွာရှိ ဘုရားရှိခိုးကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အသိပညာပေး ဟောပြောပွဲတွင် တာချီလိတ်ခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေါက်တာတင်ကိုကိုက တိရစ္ဆာန်မွေးမြူခြင်းကို စနစ်တကျ မွေးမြူးရေး၊ ကျွဲ၊ နွား အရေပြားအကျိတ်နာရောဂါအကြောင်း သိကောင်းစရာများ၊ ရောဂါလက္ခဏာများ၊ ရောဂါကူးစက် ပျံ့နှံ့ပုံ၊ ရောဂါကာကွယ်ရေးနည်းလမ်းများ၊ တောဝက်များမှတစ်ဆင့်ကူးစက်သည့် ရောဂါဖြစ်ပွား သည့်အခြေအနေများ၊ အဟာရကောင်းမွန်သည့် နေဗီယာမြက်စိုက်ပျိုး၍ ကျွေးမွေးနိုင်ရေးတို့ကို အသိပညာပေးပြောကြားခဲ့သည်။
ယင်းနောက် မိုင်းဖြတ်မြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေါက်တာထွန်းဇော်ဝင်းက တိရစ္ဆာန်များ မွေးမြူရာတွင် ဇီဝလုံခြုံမှု ကောင်းမွန်ရေး၊ ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုမိုထိရောက်သဖြင့် တိရစ္ဆာန်များ၌ ရာသီအလိုက်ဖြစ်ပွားတတ်သည့် ရောဂါများမဖြစ်ပွားရေး အတွက် ကာကွယ်ဆေးများ ထိုးနှံရေးတို့ကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ဒေါက်တာတင်ကိုကိုက ကျေးရွာရှိ တစ်ပိုင်တစ်နိုင် မွေးမြူရေးခြံများအတွက် ပိုးသက်ဆေးများကို ဖြန့်ဝေပေးခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
သန်းထွန်းအေး