ကျောက်ပန်းတောင်းမြို့နယ်တွင် မိုးကောင်းသောက်စပါးများ စတင်ပျိုးထောင်

ညောင်ဦး ဇူလိုင် ၁၈

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်တောင်သူများသည် မိုးရွာသွန်းမှုကောင်းခြင်းနှင့်အတူ မိုးကောင်းသောက်စပါးမျိုးများ စတင်ပျိုးထောင်နေပြီဖြစ်ကြောင်း ကျောက်ပန်တောင်းမြို့နယ် လဲဂွကျေးရွာ မိုးကောင်းသောက်စပါးမျိုး စတင်ပျိုးထောင်နေသည့် ဦးတင်ထွန်းအောင်ထံက သိရသည်။

ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်တောင်သူများသည် မိုးကောင်းသောက်စပါးစိုက်ပျိုးခြင်းအား မိုးချိုသောက်စပါးဟုလည်း ခေါ်ဆိုကြောင်း မိုးရွာသွန်းချိန် စပါးစိုက်မည့် ယာမြေ၊ လယ်မြေထဲသို့ မိုးရွာသွန်းချိန်တွင် မိုးရေမြောင်းများပြုလုပ်ပြီး စပါးစိုက်ပျိုးမည့် လယ်အတွင်းသို့ မြောင်းသွယ်ကာ မိုးရေဝင်ရောက်စေကြောင်း၊ အညာဒေသတွင် မေလနောက်ဆုံးပတ်မှ ဇွန်၊ ဇူလိုင်၊ ဩဂုတ်၊ လတို့တွင် မိုးရွာသွန်းမှုများကာ မိုးကောင်းသောက်စပါးမျိုးများ စတင်ပျိုးထောင်ကြကြောင်း သိရသည်။ ကျောက်ပန်းတောင်းမြို့နယ်တွင် မိုးကောင်းသောက်စပါးစိုက်ပျိုးမှုများပြားကာ ပျိုးထောင်ချိန်များတွင်လည်း အထွက်နှုန်းကောင်းမွန်သည့် စပါးမျိုးများအား ပျိုးထောင်ကြကြောင်း၊ ရွှေမနော်၊ ဧရာပဒေသာ၊ ပုလဲသွယ်စပါးမျိုးအား ပျိုးထောင်စိုက်ပျိုးကြကြောင်း၊ စပါးပျိုးသက် ၂၁ ရက်မှ ၄၅ ရက်သားအတွင်း စပါးစိုက်မည့် လယ်ထဲသို့ ရွေ့ပြောင်းစိုက်ပျိုးကြကြောင်းလည်း သိရသည်။ မိုးကောင်းသောက်စပါးသည် မိုးပုံမှန်ရွာသွန်းရုံဖြင့် အောင်မြင်ဖြစ်ထွန်းပြီး တစ်ဧကအထွက်နှုန်း ကောင်းမွန်ကြောင်း တစ်ဧက ၉၅ တင်းမှ ၁၂၅ တင်းထိထွက်ရှိကြောင်းသိရပြီး ကျောက်ပန်း တောင်းမြို့နယ် ကြက်မောက်တောင်ဆည်အထက်ဘက် ကျေးရွာများဖြစ်သည့် ဂွေးကုန်းရွာ၊ လက်ပံအိုင့်ရွာ၊ လဲဂွရွာ၊ မုန့်ကုန်းရွာ၊ ဆပ်ပြာကျင်းရွာ၊ ညောင်ဖြူပင်ရွာ၊ ရွာသစ်၊ ကန်ပတ်လည်၊ ဆန်းလှ၊ ကန်ပတ်လည်၊ ကျေးရွာများသည် မိုးကောင်းသောက်စပါးစိုက်ပျိုးကြသည့် ကျေးရွာများဖြစ်ကြကာ မိုးကောင်းသောက်စပါးစိုက်ပျိုးရန် စတင်ပျိုးထောင်နေကြပြီဖြစ် ကြောင်း၊ မိုးပုံမှန်ရွာသွန်းနေရုံဖြင့် စပါးခင်းများ အောင်မြင်ဖြစ်ထွန်းကြကြောင်း၊ အချို့နယ်ဘက်တွင် မိုးချိူသောက်စပါးဟုလည်း ခေါ်ဆိုသေးကြောင်း၊ လဲဂွကျေးရွာတွင် မိုးကောင်း သောက်စပါးကို အားထားစိုက်ပျိုးကြပြီး သီတင်းကျွတ်၊ တန်ဆောင်မုန်းလတို့တွင် နို့ရည်စထည့်ကာ မိုးအကုန် ဆောင်းဦးပေါက်တွင် စပါးများရင့်မှည့်ပြီး ရိတ်သိမ်းလေ့ရှိကြောင်း၊ စပါးရိတ်သိမ်းပြီး ခြွေလှေ့ပြီးပါက စပါးပင်(ကောက်ရိုး)ကို နွားစာအဖြစ်အသုံးပြုခြင်း၊ တဲမိုးခြင်းနှင့်မြေဆွေး ပြန်လည်အသုံးပြုခြင်းတို့ ပြုလုပ်ကြကြောင်းသိရပြီး ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်တောင်သူများ မိုးကောင်းသောက်စပါးမျိုးများ စတင်ပျိုးထောင်နေကြပြီဖြစ်ကြောင်း သိရသည်။

ကိုကြေးမုံ